မိန်းကလေးတွေမှ ဆားဝက်ခြံထွက်တာမဟုတ်ပါဘူး။ ယောင်္ကျားလေးတွေက ပိုပြီးထွက်တတ်ပါတယ်။ အဆီပြန်တဲ့သူတွေမှာလည်း အဖြစ်များပါတယ်။ နေရောင်ခြည်ဒဏ်၊ ဘတ်တီးရီးယား၊ စိတ်ဖိစီးမှုနဲ့ ဟော်မုန်းတွေကြောင့်လဲ ဆားဝက်ခြံထွက်ပါတယ်။ ဒါကြောင့် ဆားဝက်ခြံတွေကို နည်းလမ်းမှန်မှန်ဖယ်ရှားနည်းနဲ့ ဆောင်ရန်ရှောင်ရန်တွေကိုပါ တစ်ခါထဲ ပြောပြပေးလိုက်ပါတယ်။

ဆားဝက်ခြံတွေကို ဖယ်ရှားနိုင်မယ့် သဘာဝနည်းလမ်း

ပန်းကန်လုံးထဲကို ပျားရည်စစ်စစ် – စားပွဲတင်ဇွန်း ၁ ဇွန်း၊ သံပရိုရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ ကြက်ဥ – ၁လုံးကို အနှစ်မပါအောင် အကာပဲစစ်ပြီးထည့်ပါ။ ပြီးရင်တော့ ၃ မျိုးလုံးကို သေချာခလောက်ပြီး မွှေပါ။

မွှေပြီးတာနဲ့ ဆားဝက်ခြံထွက်တဲ့ နှာခေါင်းနေရာမှာ သုတ်ထားလိုက်ပါ။ ပြီးရင် တစ်ရှူးကို အနေတော်လောက်ဖြတ်ပြီး နှာခေါင်းမှာကပ်ပါ။ တစ်ရှူးပေါ်မှာမှ ထပ်သုတ်လိမ်းပေးပါ။ ဒီလိုနှစ်ထပ်သုတ်လိမ်းပြီးရင်တော့ မိနစ် ၂၀ ထားပြီး အခြောက်ခံလိုက်ပါ။ အချိန်ပြည့်ရင်တော့ ဆွဲခွာပြီး ရေအေးအေးလေးနဲ့ နှာခေါင်းကို ဆေးချပါ။ ဆားဝက်ခြံတွေပါသွားတာကို တွေ့ရမှာပါ။

Source:The Kitchen McCabe

သိထားရမှာက ဒီလိုလုပ်ရုံနဲ့တော့ ဆားဝက်ခြံတွေ ပျောက်မသွားပါဘူး။ ခဏပဲရှင်းသွားမှာပါ။ ဆားဝက်ခြံပျောက်ဖို့ ဆောင်ရန်၊ ရှောင်ရန်တွေကို ဆက်ပြီးလုပ်မှသာ ပျောက်မှာပါ။ အဲ့တော့ ဒီနည်းလမ်းကို တစ်ပတ်တစ်ခါလုပ်ပေးပြီး ဆောင်ရန်၊ ရှောင်ရန်တွေကို အမြဲဂရုစိုက်လုပ်ပေးသွားမယ်ဆိုရင်တော့ ဆားဝက်ခြံတွေ ပျောက်သွားမှာပါ။

ဆားဝက်ခြံအတွက် ရှောင်ရမယ့်အရာများ

လက်နဲ့ မျက်နှာကို ခဏခဏမကိုင်ပါနဲ့။ နှာခေါင်းကိုလည်း လက်နဲ့ ခဏခဏကိုင်တာ၊ ပွတ်တာမျိုး မလုပ်ပါနဲ့။ လက်သည်းနဲ့ နှာခေါင်းကိုကုတ်ဖဲ့တာမျိုးလည်း မလုပ်ပါနဲ့။ ဘတ်တီးရီးယားကြောင့်လည်း ဆားဝက်ခြံထွက်ပါတယ်။

Source:Dr Sylvia Skin Care

မျက်နှာကို ခဏခဏ မသစ်ပါနဲ့။ မျက်နှာ ခဏခဏသစ်ရင် ချွေးပေါက်တွေကျယ်ပြီး အဆီပြန်တဲ့အတွက် ဆားဝက်ခြံထွက်ပါတယ်။ တစ်နေ့ နှစ်ကြိမ်သစ်ရင် လုံလောက်ပါတယ်။ အဆီအစိမ့်များတာတွေကိုလည်း လျော့စားပါ။

ဆားဝက်ခြံအတွက် ဆောင်ရမယ့်အရာများ

မျက်နှာကို Moisturizer အမြဲလိမ်းပါ။ မိတ်ကပ်လိမ်းသည်ဖြစ်စေ၊ မလိမ်းဘူးဖြစ်စေ Makeup Remover သုံးပြီးမှ မျက်နှာသစ်ဆေးနဲ့ မျက်နှာသစ်ပါ။ တစ်ပတ်တစ်ခါ မျက်နှာကို Exfoliate လုပ်ပေးပါ။

ဆားဝက်ခြံကပ်ခွာ (သို့) ဖယ်ရှားတဲ့နည်းလမ်းကိုသုံးပါ။ ဆားဝက်ခြံကပ်ခွာသုံးမယ်ဆိုရင်တော့ နှစ်ပတ် တစ်ခါပဲလုပ်ပါ။ ဆားဝက်ခြံဖယ်ရှားတဲ့နည်းလမ်းသုံးမယ်ဆိုရင်တော့ အပေါ်မှာ ပြောပြခဲ့တဲ့နည်းလမ်းကို သုံးရုံပါပဲ။ အဲ့တာကတော့ တစ်ပတ် တစ်ခါလုပ်ပေးလို့ရတဲ့ သဘာဝနည်းလမ်းမို့ ပိုကောင်းမယ်ထင်ပါတယ်။

ရေနွေးငွေ့နဲ့ မျက်နှာပေါင်းတင်တာမျိုးလုပ်ပေးပါ။ ဘယ်လိုလုပ်ရမလဲဆိုရင်တော့ ရေနွေးကို စတီးဇလုံအကြီးထဲထည့်ပြီး တစ်ထွာလောက်အကွာကနေ မျက်နှာအပ်ထားပါ။ မျက်နှာအပ်ထားတဲ့အခါမှာ ပုံမှာပြထားသလို ခေါင်းကို မျက်နှာသုတ်ပုဝါအကြီးနဲ့ အုပ်ထားဖို့လည်း မမေ့ပါနဲ့။ အလွယ်ပြောရရင် ခေါင်းမြီးခြုံသလိုပေါ့။

Source:Organic Authority

အခုပြောပြပေးသွားတဲ့ ဆားဝက်ခြံဖယ်ရှားတဲ့ သဘာဝနည်းလမ်းရယ်၊ ဆောင်ရန် ရှောင်ရန်တွေကိုသာ ပုံမှန်လုပ်သွားမယ်ဆိုရင်တော့ ဆားဝက်ခြံတွေကို Bye Bye လုပ်နိုင်မှာပါ။