အားလုံးပဲ့ မဂ်လာပါနော် My Style Myanmarရဲ့ အသည်းကျော်လေးတို့ရေ…အခုလို ဆောင်းရာသီအကူးအပြောင်းမှာ ရှေ့လေတွေကိုက်ပြီး အသားအရေခြောက်ကပ်ကပ်ကြီးဖြစ်တာမျိုးကို ကြုံဖူးကြမယ်ထင်ပါတယ်နော်။ အသားအရေ ခြောက်ကပ်တဲ့အထဲမှာ အလွယ်တကူနဲ့ အဖြစ်လွယ်ဆုံးဖြစ်တဲ့ ခြေထောက်နဲ့ လက်တွေကို ခြောက်သွေ့ အက်ကွဲခြင်းမှ ကာကွယ်ဖြေရှင်းနိုင်ဖို့အတွက် သဘာဝနည်းလမ်းကောင်းလေးတစ်ချို့ကို ဝေမျှပေးလိုက်ပါတယ်။

ကဲ..ခြောက်သွေ့အက်ကွဲနေတဲ့ ခြေလက်တို့ကို ပြန်လည်စိုပြေနူးညံ့လာစေမယ့် သဘာဝနည်းလမ်းကောင်းလေးတွေဖြစ်ပြီး လိုက်လုပ်ရတာလည်း လွယ်ကူတဲ့အတွက် Tryကြည့်သင့်တယ်နော်…

သံလွင်ဆီ

သံလွင်ဆီမှာ ပါဝင်တဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဖက်တီးအက်စစ်တွေနဲ့ Antioxidants တွေက ခြောက်သွေ့ယားယံတဲ့ အသားအရေကို သက်သာစေနိုင်ပါတယ်။

သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်းကို အနည်းငယ်အပူပေးပြီး လက်နှစ်ဖက်လုံးပေါ်မှာ သုတ်လိမ်း၍ မိနစ်အနည်းငယ်ကြာ ညှင်သာစွာသုတ်လိမ်းပေးပါ။ တစ်ညထား အိပ်ပြီးရင် ရေနဲ့ ဆေးကြောသန့်စင်ပေးပါ။ ခြောက်သွေ့တာ ပျောက်သွားတဲ့အထိ တနေ့လျှင် သုံးကြိမ် မှန်မှန်လုပ်ပေးပါ။

နို့

နို့မှာ လက်တစ်အက်စစ်ပါဝင်လို့ အသားအရေရဲ့ နဂိုမူလအစိုဓာတ်ကို ထိန်းသိမ်းပေးပြီး ဆဲလ်သေများကို ဖယ်ရှားပေးပါတယ်။

နှင်းဆီရည်နဲ့ သံပုယိုရည် နှစ်စက်၊သုံးစက်ကို နို့ လက်ဖက်ရည်ဇွန်း ၄ ဇွန်းထဲထည့်ပေးပါ။ သေချာမွှေပေးပြီး လက်တွေကိုသုတ်လိမ်းကာ ညှင်သာစွာပွတ်ပေးပါ။ ၁၅ မိနစ်ထားပြီးရင်တော့ ရေအေးနဲ့သန့်စင်ပစ်ပါ။ တနေ့ကို နှစ်ကြိမ် ပုံမှန်လုပ်ဆောင်ပေးပါနော်။

သင်္ဘောသီးနှင့် ဒိန်ချဉ်

ဒိန်ချဉ်တွင် လက်တစ်အက်စစ်က ဘတ်တီးရီးယားများ၊ အဆိပ်အတောက်များကို ဖယ်ရှားပေးပြီး သင်္ဘောသီးတွင် ပါဝင်တဲ့ Papain က အသားအရေကို ကြည်လင်စေပါတယ်။ ဒီနည်းလမ်းကိုတော့ တစ်ပတ်လျှင် ၃ ကြိမ် လုပ်ပေးဖို့ လိုအပ်ပါတယ်။

ဖိချေထားတဲ့ သင်္ဘောသီး လက်ဖက်ရည်ဇွန်း ၄ ဇွန်းကို ဒိန်ချဉ်ခွက် ၁ ဝက်ခန့်နှင့် ရော၍ သမအောင် မွှေပေးပါ။ သံပုယိုရည် ၁ စက်နှင့် ပျားရည်ကိုလည်း ရောထည့်မွှေပါ။ လက်ပေါ်မှာနှံ့အောင် လိမ်းပြီးရင် ၁၅ မိနစ်ခန့် ထားပေးပါ။ အချိန်ပြည့်သွားတဲ့အခါ ရေအေးအေးလေးနဲ့ ဆေးချပြီး အသားအရေကို ငြင်သာစွာ ခြောက်အောင် သုတ်ပေးပါ။

ထောပတ်သီး

ထောပတ်သီးတွင် ဗီတာမင်၊ ဖက်တီးအက်စစ်၊ Antioxidants တွေပါဝင်လို့ အသားအရေကို အတွင်းပိုင်းကနေပြီး ‌သန့်စင်စိုပြေစေကာ ချောမွေ့နူးညံ့တဲ့ အသားအရေကို ရရှိစေပါတယ်။

ထောပတ်သီးတစ်ခြမ်းကို ချေမွပြီး ပျားရည် လက်ဖက်ရည်ဇွန်း ၄ ဇွန်းနှင့် ရောမွှေပါ။ ခြေလက်တို့ပေါ် သုတ်လိမ်းပြီး မိနစ်အနည်းငယ်ကြာ ငြင်သာစွာနှိပ်နယ်ပါ။ ၁၅ မိနစ်ထားပြီးရင် ရေနွေးလေးနဲ့ ဆေးကြောသန့်စင်နိုင်ပါပြီ။ တပတ်လျှင် အနည်းဆုံး နှစ်ကြိမ် လုပ်ပေးဖို့ လိုပါမယ်နော်။