ထမင်းစားပြီး အချိုတည်းလေ့ရှိတဲ့ အသီးအနှံတမျိုးဖြစ်သလို အသီးဖျော်ရည်အဖြစ်လည်း သောက်သုံးကြလေ့တဲ့ သင်္ဘောသီးက ပျိုမေတို့ရဲ့ဆံသားတွေကို ကျန်းမာသန်စွမ်းလှပလာစေဖို့အတွက် အများကြီးအထောက်အကူဖြစ်စေပါတယ်။ ဒါကြောင့် ဓာတုပစ္စည်းတွေကိုမသုံးပဲ ဒီလိုမျိုးသဘာဝပစ္စည်းစစ်စစ်တွေကိုပဲ အသုံးပြုထားပြီးတော့ အကျိုးသက်ရောက်မှုလည်းကောင်းပြီး စိတ်ကျေနပ်မှုကိုလည်းရရှိစေမယ့် ဆံပင်ပေါင်းတင်နည်းလေးဖြစ်လို့ ဆံနွယ်လှလှလေးတွေပိုင်ဆိုင်ချင်တဲ့ပျိုမေတိုင်း သင်္ဘောသီးနဲ့ပေါင်းတင်ကြည့်ဖို့ တိုက်တွန်းပါရစေနော်။

ဒီဆံသားပေါင်းတင်တဲ့နည်းလမ်းလေးကို အသုံးပြုဖို့အတွက် လိုအပ်တာတွေကတော့ သင်္ဘောသီး၊ အုန်းနို့ နဲ့ ပျားရည်တို့ပဲဖြစ်ပါတယ်။ ပြုလုပ်ရမယ့်နည်းလမ်းလေးကတော့ ပါဝင်ပစ္စည်းတွေအားလုံးကို အသီးဖျော်စက်ထဲထည့်ပြီး ကျေညက်သွားအောင် မွှေပေးရမှာပါ။ ကိုယ့်ဆံပင်ပမာဏကို ချင့်ချိန်ပြီး ဖျော်စပ်ဖို့တော့ လိုပါတယ်နော်။

နည်းလမ်းလေးကတော့ အရင်ဆုံးသင့်ဦးရေပြားတွေ သန့်စင်သွားအောင် ခေါင်းအရင်လျှော်ပေးလိုက်ပါ။ ပြီးရင်တော့ ကျေညက်အောင်ကြိတ်ထားတဲ့ သင်္ဘောသီးတွေကို ဆံသားတွေကိုသေချာနှံ့စပ်အောင် လိမ်းထားပေးလိုက်ပါ။ ကြာချိန်ကတော့ မိနစ် ၃၀ နဲ့ အချိန်ရရင် ပိုပြီးထားလို့လည်းရပါတယ်နော်။ အချိန်ပြည့်သွားပြီဆိုရင် ဆံပင်ကိုသေချာပြောင်စင်အောင် ပြန်လျှော်ပေးလိုက်လို့ရပါပြီ။

ဆံပင်လေးတွေခြောက်သွားတဲ့အခါမှာတော့ နူးညံ့လှပတဲ့ဆံသားလေးကို ပိုင်ဆိုင်နေရမှာဆိုတော့ တစ်ပတ်ကိုတစ်ခါလောက်တော့ ပုံမှန်လုပ်ပေးသွားမယ်ဆိုရင် သင်လိုချင်နေတဲ့ဆံသားမျိုးလေးကို ရရှိမှာပဲဖြစ်ပါတယ်။