ဆံပင်ခဏခဏ ကျွတ်လွန်းလို့ ဆံပင်တွေပါးနေပြီလား? ဆံပင်ရှည်တာလည်းနှေးနေလို့ စိတ်ညစ်နေရပါသလား။ ပုံမှန်အားဖြင့် ကျွန်မတို့ဟာ တစ်နေ့ကို ဆံပင်အချောင်း ၅၀ကနေ ၁၀၀ လောက် ကျွတ်ကြပါတယ်။ ဆံပင်ကျွတ်တာဟာ ကိုယ်စားတဲ့အစားအစာနဲ့လည်း ဆိုင်သလို၊ စိတ်ဖိစီးမှုများတာ နဲ့ အလှကုန်ပစ္စည်းတွေကြောင့်လည်း ပါပါတယ်နော်။

ဒါကြောင့် ဆံပင်ကျွတ်တာကို သက်သာစေပြီး ဆံပင်သန်စွမ်းလှပလာစေမယ့် သဘာဝနည်းလမ်းလေးတစ်ခုကို မျှဝေပေးချင်ပါတယ်။ ဆံပင်အုံထူထဲလှပစေရုံသာမက ဆံပင်အရှည်မြန်စေမယ့် သဘာဝနည်းလမ်းလေးက ဘာများဖြစ်မလဲဆိုတာကို အတူတူကြည့်လိုက်ရအောင်..

ပျားရည်နဲ့ ကြက်သွန်နီကို ဆံပင်အတွက် အသုံးပြုနိုင်မယ့်နည်း

ကြက်သွန်နီဟာ ဆံပင်ကျွတ်တာကို သက်သာစေပါတယ်။ ကြက်သွန်နီမှာ သတ္တုဓာတ်ကြွယ်ဝစွာပါဝင်ပြီး ဦးရေပြားအတွင်း သွေးလည်ပတ်မှုကိုကောင်းမွန်စေသလို ဆံပင်ပေါက်တဲ့အမြစ်လေးတွေကိုလည်း သန်စွမ်းစေပါတယ်။ ဒါ့ကြောင့် ဆံကေသာကို သန်စွမ်းလှပစေနိုင်ပါတယ်။ ဒါ့အပြင် ဦးရေပြားခြောက်သွေ့တာနဲ့ ဦးရေပြားမှာအနာတွေဖြစ်ပေါ်ခြင်းကနေလည်း ကာကွယ်ပေးနိင်ပါတယ်။

ပျားရည်မှာလည်း ဗီတာမင်နဲ့ သတ္တုဓာတ်ကြွယ်ဝလို့ သင့်ဆံကေသာကို တောက်ပြောင်သန်စွမ်းစေပါတယ်။

ပါဝင်ပစ္စည်း

ကြက်သွန်နီ ၂ လုံး

ပျားရည် စားပွဲတင်ဇွန်း ၄ ဇွန်း

ဗီတာမင် E တစ်တောင့်

လေလုံတဲ့ပုလင်းတစ်လုံး

ကြက်သွန်နီကို အခွံခွာလိုက်ပြီး ပါးပါးလှီးကာ ကြိတ်စက်ထဲထည့်ကြိတ်လိုက်ပါ။ ပြီးရင် အရည်ညှစ်ထုတ်လိုက်ပြီး ပုလင်းထဲထည့်ထားပါ။ အဲဒီနောက် ပျားရည်ထည့်လိုက်ပါ။ ဗီတာမင် E ထည့်ပါ။ (ဗီတာမင် E ကို မထည့်ချင်လည်း မထည့်လို့ရပါတယ်။) ပြီးရင် လေကိုသေချာလုံအောင်ပိတ်ပြီး ပုလင်းကို လှုပ်ခါပေးပါ။ အဲဒီနောက် အမှောင်ကျပြီး နည်းနည်းအေးတဲ့နေရာမှာ ၄၈ နာရီထားရပါမယ်။

ပြုလုပ်နည်း

၄၈ နာရီပြည့်သွားရင် ဦးရေပြားပေါ်မှာ လိမ်းပေးရမှာပါ။ အထူးသဖြင့် ဆံပင်ပါးနေတဲ့နေရာမှာ လိမ်းပေးပါ။ နှံ့အောင်သေချာလိမ်းပြီးရင် shower cap ဆောင်းပြီး ၂ နာရီလောက်ထားပါ။

ပြီးရင် ခေါင်းလျှော်ရည် ပေါင်းဆေးတို့နဲ့ ခေါင်းကို သေချာသန့်စင်အောင် လျှော်ချလိုက်ပါ။ သိပ်ကိုထိရောက်တဲ့နည်းလမ်းလေးဖြစ်တာမို့လို့ တစ်ပတ်ကို ၃ ကြိမ်လောက် လုပ်ပေးပါ။

နောက်ထပ် သတိပြုရမယ့်အချက်အနေနဲ့

ရေများများသောက်ပေးပါ။ ဓါတုပစ္စည်းမပါတဲ့ ခေါင်းလျှော်ရည်ကို သုံးပေးပါ။ ခေါင်းလျှော်ပြီး ရေစိုနေတဲ့အချိန်မှာ ခေါင်းမဖြီးပါနဲ့။