မျက်နှာမှာအဆီဓာတ်ရှိတာက မျက်နှာအသားအရေကို ပြောင်ပြောင်လေးဖြစ်ပြီး လှနေစေတယ်ဆိုပေမယ့် ပုံမှန်မဟုတ်တော့ဘဲ အရမ်းကိုအဆီပြန်လွန်းလာပြီဆိုရင်တော့လည်း စိတ်ရှုပ်စရာတွေဖြစ်လာစေပါပြီနော်။ မျက်နှာပြင်ပေါ်မှာ အရမ်းအဆီပြန်လွန်းတာကြောင့် မိတ်ကပ်သားတွေလည်းကြာရှည်မခံတော့ပဲ အသားအရေမှာလည်း ဝက်ခြံတွေကိုပိုပြီးတော့ဖြစ်လာစေနိုင်တော့တာပေါ့။

မျက်နှာအသားအရေပေါ်မှာ စိတ်ရှုပ်စရာကောင်းလောက်တဲ့ အဆီပြန်တာတွေကို လျော့နည်းသွားစေဖို့အတွက် ညဖက်မှာပြင်ဆင်ပေးသင့်တဲ့ Face Mask တွေကိုဖော်ပြပေးလိုက်ပါတယ်။

ငှက်ပျောသီးကိုအသုံးပြုပြီး Face Mask လုပ်မယ်ဆိုရင်လည်း အဆီပြန်တဲ့အသားအရေတွေအတွက် အကျိုးရှိစေပါတယ်။ ငှက်ပျောသီးတစ်လုံးကို ကြေမွအောင်ချေပြီး ပျားရည်စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ရောလိုက်ပါ။ ရှောက်သီးအရည်အနည်းငယ်လောက်ထည့်ပေးဖို့လည်း လိုအပ်ပါတယ်နော်။ ရလာတဲ့အနှစ်တွေကို မျက်နှာပေါ်မှာသေချာနှံ့အောင်လိမ်းပေးပြီး ၁၅ မိနစ်လောက်ထားပြီး ရေဆေးချပေးလိုက်လို့ရပါတယ်။

ကြက်ဥအကာနဲ့လည်း ပေါင်းတင်ပေးလို့ရပါတယ်။ ကြက်ဥအကာကို ရှောက်သီးအရည်နဲ့ရောပြီး အမြုပ်တွေထွက်လာတဲ့ထိ ခေါက်ပေးလိုက်ပါ။ ပြီးရင်တော့ သန့်စင်တဲ့မျက်နှာပေါ်မှာ သေချာနှံ့စပ်အောင်လိမ်းပေးပြီး နာရီဝက်လောက်ထားထားပေးလိုက်ပါ။ အချိန်ပြည့်ပြီဆိုရင်တော့ မျက်နှာကိုသေချာပြန်သစ်ပေးလိုက်ပါ။ ဒီနည်းလမ်းတိုင်း ပုံမှန်လုပ်ပေးသွားမယ်ဆိုရင်တော့ အဆီပြန်တာတွေကို သက်သာသွားစေမှာပဲဖြစ်ပါတယ်။

စတော်ဘယ်ရီနဲ့လည်း မျက်နှာအဆီပြန်တာတွေကို ထိန်းထားပေးလို့ရပါတယ်။ စတော်ဘယ်ရီကို ပျားရည်နဲ့ရောပြီး အနှစ်တွေဖြစ်အောင်ဖန်တီးပေးလိုက်ပါ။ ပြီးရင်တော့ သန့်စင်ပြီးတဲ့မျက်နှာပေါ်မှာ သေချာလိမ်းပေးပြီး  မိနစ် ၂၀ လောက်ထားထားပေးလိုက်ပါ။ အချိန်ပြည့်သွားရင် ရေနဲ့သေချာဆေးကြောပေးလိုက်မယ်ဆိုရင် အသားအရေမှာဖြစ်နေတဲ့ အဆီပြန်တာတွေကိုလည်း ထိန်းချုပ်ပြီးသားဖြစ်သွားမှာပါ။

အဆီပြန်တဲ့အသားအရေပိုင်ရှင်တွေအနေနဲ့ ဒီနည်းလမ်းလေးတွေအတိုင်း ညဖက်တွေမှာပုံမှန်လုပ်ပေးမယ်ဆိုရင် အဆီပြန်တာတွေကိုလျော့နည်းစေပြီး လှပတဲ့အသားအရေမျိုးကို ပိုင်ဆိုင်လာရမှာပဲဖြစ်ပါတယ်။