မင်္ဂလာပါ ပျိုမေတို့ရေ။ မျက်နှာမှာ ဝက်ခြံထွက်ပြီး အရှင်းမပျောက်ဘဲ အမာရွတ်ကျန်ခဲ့လို့ စိတ်ရှုပ်နေပြီလား။ များသောအားဖြင့် ဝက်ခြံအမာရွတ်ကျန်ခဲ့တဲ့ပြဿနာက ဝက်ခြံနေရာတစ်ဝိုက် မသန့်တဲ့အရာတွေနဲ့ ထိတွေ့မိတာ၊ လက်နဲ့ ခဏခဏကိုင်တာ၊ ဝက်ခြံဖုရင့်နေတဲ့အချိန် ညှစ်ထုတ်မိတာတွေကြောင့် ဖြစ်တတ်ပါတယ်။ ဒီလို ကျန်ခဲ့တဲ့ဝက်ခြံအမာရွတ်တွေ တဖြည်းဖြည်းပါးပြီး ပျောက်ကင်းဖို့ လိမ်းပေးနိုင်မယ့် Serum လုပ်နည်းလေးကို ဒီတစ်ခေါက်ဆောင်းပါးမှာ မျှဝေပေးသွားမှာပါ။ သဘာဝပစ္စည်းတွေသုံးပြီး ကိုယ်တိုင်လုပ်နိုင်တာမို့ ဘေးထွက်ဆိုးကျိုးလည်း နည်းပါလိမ့်မယ်။

ပထမဆုံး Serum လုပ်ဖို့အတွက် ပါဝင်ပစ္စည်း လေးမျိုးလိုပါတယ်။ ရှားစောင်းလက်ပတ် Gel ၊ နှင်းဆီရည်၊ Glycerin အလှဆီနဲ့ လီမွန် Essential Oil (သို့) လီမွန်ရည် တို့ပါ။

ရှားစောင်း Gel နှစ်ဇွန်းကို နှင်းဆီရည် ငါးစက်ခန့်၊ Glycerin အလှဆီ တစ်ဇွန်းစာတို့နဲ့ ရောပြီး ခွက်အသန့် တစ်ခုထဲထည့်ပေးပါ။ လီမွန် Essential Oil အနည်းငယ် (သို့) Essential Oil မရှိတဲ့သူတွေက လီမွန်ရည် ငါးစက်ခန့်ကို ပေါင်းထည့်ပြီး နှံ့နေအောင် ရောမွှေပေးရပါမယ်။


လီမွန်ရည်ကို မျက်နှာအတွက်သုံးမယ်ဆိုရင် ချည်အင်္ကျီစ အသန့်နဲ့ စစ်ချပြီးမှ သုံးသင့်ပါတယ်။ လီမွန်မှာ Citric Acid ပါတာမို့ မစစ်ဘဲ မျက်နှာမှာတိုက်ရိုက်သုံးမိရင် အသားပါးပြီး ဓာတ်မတည့်တာတွေဖြစ်တတ်တာကြောင့်ပါ။

ပါဝင်ပစ္စည်းအားလုံး သမသွားရင်တော့ သင့်ရဲ့ Serum ပြုလုပ်မှုပြီးသွားပါပြီ။ ရလာတဲ့ Serum အရည်ကို ဘူးအသန့်တစ်ခုထဲပြောင်းထည့်ပြီး နေရောင်နဲ့တိုက်ရိုက်မထိတဲ့နေရာမှာ ထားပေးပါ။

သင့်အနေနဲ့ ဒီ Serum ကို ညဘက် မျက်နှာသစ်ပြီးတဲ့အချိန်တွေမှာ ဝက်ခြံအမာရွတ်၊ အမဲစက်ရှိတဲ့နေရာတွေကို နှိပ်နယ်ပြီး နေတိုင်းလိမ်းပေးနိုင်ပါတယ်။ ပြီးနောက် အပေါ်ကနေ လိမ်းနေကျ Moisturizer လေး ထပ်ပေးလိုက်ပါ။ မနက်ပိုင်းမှာ ပုံမှန်အတိုင်း Cleanser နဲ့ ပြန်လည်သန့်စင်ပြီး Sunscreen လိမ်းထားဖို့ လိုပါတယ်။

Photo Source: Pinterest, Youtube

By MyStyle Myanmar