မင်္ဂလာပါ ပျိုမေလေးတို့ရေ။ အခုတလော ပျိုမေလေးတွေကြား ရေပန်းစားနေတဲ့ စကားလုံးလေးကတော့ မျက်နှာ Glow တယ် ဆိုတဲ့စကားစုပဲဖြစ်ပါတယ်။ Glow တဲ့ ပုံစံလေးရဖို့ မိတ်ကပ်ပြင်ဆင်ရတာလည်း အမောပဲပေါ့နော်။ Glow အောင် မိတ်ကပ်လိမ်းထားတာကို “နင့် မျက်နှာက အဆီပြန်နေတာလား” လို့ အမေးခံရရင် ဒေါသက ဘယ်နားက ထွက်လို့ ထွက်ရမှန်းမသိတဲ့ ခံစားချက်မျိုး ခံစားဖူးကြမှာပါနော်။

ဒီတစ်ခါပြောပြပေးမယ့် ပေါင်းတင်နည်းလေးကတော့ မိတ်ကပ်လိမ်းစရာမလိုဘဲ သဘာဝအတိုင်း အသားအရေ Glow စေမယ့် နည်းလမ်းလေးပဲဖြစ်ပါတယ်။ အဆီပြန်သလိုမျိုး မျက်နှာမှာ အဆီတဝင်းဝင်းဖြစ်မှာမဟုတ်ဘဲ အသားအရေက ပြောင်ပြောင် တင်းတင်းလေးနဲ့ ဝင်းဝင်းပပ Glow နေမှာပဲဖြစ်ပါတယ်။

စတော်ဘယ်ရီသီးနဲ့ ပေါင်းတင်မယ်

လတ်ဆတ်တဲ့ စတော်ဘယ်ရီ ၆ လုံးမှ ၁၀ လုံးနှင့် ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းတို့ လိုအပ်ပါမယ်။ စတော်ဘယ်ရီသီးကို လက်နဲ့ ဖိချေလိုက်ပါ၊ ဒါမှမဟုတ် သစ်သီးဖျော်စက်သုံးပြီး ကြိတ်ချေလိုက်ပါ။ ရလာတဲ့ စတော်ဘယ်ရီအနှစ်တွေကို ပျားရည်နဲ့ သမအောင် ထပ်ရောပေးရပါမယ်။ ထို့နောက် မျက်နှာပေါ် သုတ်လိမ်းပြီး မိနစ် ၂၀ ကြာအောင် စောင့်ပေးလိုက်ပါ။ အချိန်ပြည့်တဲ့အခါ ကြက်သီးနွေး ရေနွေးလေးနဲ့ မျက်နှာသစ်ပြီးနောက် ရေအေးလေးနဲ့ ထပ်မံ မျက်နှာသစ်ပေးရပါမယ်။

ရှားစောင်းလက်ပတ်ဂျယ်လ်နဲ့ ပေါင်းတင်မယ်

ရှားစောင်းလက်ပတ်ဂျယ်လ် စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ နွားနို့ ခရင်မ် စားပွဲတင်ဇွန်း တစ်ဇွန်း၊ နနွင်းမှုန့် လက်ညှိုးနဲ့ လက်မကြား တစ်ဖျစ်စာတို့ လိုအပ်ပါမယ်။ ပါဝင်ပစ္စည်းများ အားလုံးကို သမအောင် ရောနှောလိုက်ပါ။ ထို့နောက် မျက်နှာနဲ့ လည်ပင်းတစ်ဝိုက်ကို ညီညီညာညာသုတ်လိုက်လိုက်ပါ။ မိနစ် ၂၀၊ ၃၀ ကြာမှ ကြက်သီးနွေးရေနွေးလေးနဲ့ မျက်နှာသစ်ပြီး ဆေးချလိုက်ပါ။

ငှက်ပျောသီးနဲ့ ပေါင်းတင်မယ်

ငှက်ပျောသီးမှည့် တစ်လုံးနဲ့ ပျားရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းတို့ လိုအပ်ပါမယ်။ ငှက်ပျောသီးကို အနှစ်များ ရအောင် ကြိတ်ချေပြီးနောက် ပျားရည်နဲ့ သမအောင် ရောမွှေပေးလိုက်ပါ။ ထို့နောက် မျက်နှာပေါ်မှာ သုတ်လိမ်းပေးလိုက်ပါ။ ၁၅ မိနစ်ကြာမှ ကြက်သီးနွေး ရေနွေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။ ပြီးရင် ရေအေးလေးနဲ့ ထပ်သစ်ပေးရပါမယ်။

ဒီပေါင်းတင်နည်းတွေကို တစ်ပတ်မှ တစ်ကြိမ်၊ ဒါမှမဟုတ် ထူးခြားတဲ့အကျိုးရလဒ်ကို မြန်မြန်ကြုံတွေ့ချင်တယ်ဆိုရင်တော့ တစ်ပတ် နှစ်ကြိမ်၊ သုံးကြိမ်ခန့် ပြုလုပ်ပေးနိုင်ပါတယ်။

Source: stylecraze.com