ဟယ်လို ပျိုမေတို့ရေ။ အလှအပနဲ့ပတ်သက်လာရင် မိန်းကလေးတိုင်း စိတ်ဝင်စားကြမယ်လို့ ထင်ပါတယ်နော်။ အထူးသဖြင့် ပိုက်ဆံလည်းမကုန်ဘဲ ကိုယ့်အတွက်လည်း အကျိုးတွေအများကြီးဖြစ်စေမယ့် နည်းလမ်းလေးတွေဆိုရင် ပိုပြီးတော့တောင် သိချင်ကြမှာပါ။

အလှအပအတွက် အင်မတန်အကျိုးဖြစ်စေတဲ့ သဘာဝပစ္စည်းတွေထဲကမှ အခုတစ်ခါမှာတော့ ရှားစောင်းလက်ပတ်နဲ့ ခရမ်းချဥ်သီးတို့ကို အသုံးပြုပြီး နေလောင်ကွက်တွေကို သက်သာစေဖို့ ဘယ်လိုအသုံးပြုရမလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ပြောပြပေးသွားမှာဖြစ်ပါတယ်။

ရှားစောင်းလက်ပတ်က ရောင်ရမ်းခြင်းတွေကို သက်သာစေတဲ့ အာဟာရဓာတ်ပါဝင်ပြီး အသားအရေကို ရေဓာတ်ဖြည့်တင်းပေးလို့ နူးညံ့အိစက်မှုကို ပေးစွမ်းနိုင်ပါတယ်။

နေလောင်ဒဏ်တွေ၊ အမဲစက်တွေနဲ့ အမာရွတ်တွေကို သက်သာစေတဲ့ နောက်ထပ်တစ်ခုကတော့ ဆန်မှုန့်ဖြစ်ပါတယ်။ ခြောက်သွေ့မည်းညစ်နေတဲ့ အသားအရေကို ကွာကျစေပြီး တောက်ပကြည်လင်တဲ့ အသားအရေအသစ်ကို ပိုင်ဆိုင်စေမှာဖြစ်ပါတယ်။

ခရမ်းချဥ်သီးကတော့ ချွေးပေါက်တွေအတွင်းမှာ ကပ်ညှိနေတဲ့ အညစ်အကြေးတွေ၊ အဆီတွေကို ဖယ်ရှားသန့်စင်ပေးပြီး သဘာဝဓာတ်ပါဝင်ပါတယ်။ နောက်ပြီး Antioxidants လည်း ကြွယ်ဝတဲ့အတွက် အသားအရေကို တင်းတင်းရင်းရင်းရှိစေပြီး အရေးအကြောင်းတွေကို လျော့ပါးစေမှာဖြစ်ပါတယ်။

ကဲ…ဒါဆိုရင်တော့ ဒီအစွမ်းထက် သဘာဝပါဝင်ပစ္စည်းတွေကို အသုံးပြုပြီး Face Mask ဘယ်လိုဖန်တီးမလဲဆိုတာ အခုပဲကြည့်လိုက်ရအောင်ပါ။

လိုအပ်သည့်ပစ္စည်းများ

ဆန်မှုန့် − စားပွဲတင်ဇွန်း 1½

ရှားစောင်းလက်ပတ်အနှစ် − စားပွဲတင်ဇွန်း ½

ခရမ်းချဥ်သီးအနှစ် − စားပွဲတင်ဇွန်း ၁ ဇွန်း

ပန်းကန်လုံးတစ်ခုထဲကို ဆန်မှုန့် စားပွဲတင်ဇွန်း 1½ ထည့်လိုက်ပါ။ ခရမ်းချဥ်သီးတစ်ခြမ်းကို အနှစ်ဖြစ်အောင်ကြိတ်ခြေကာ စားပွဲတင်ဇွန်း ၁ ဇွန်းစာယူပြီး ဆန်မှုန့်နဲ့ပေါင်းလိုက်ပါ။ ပြီးရင် ကျန်နေတဲ့ ရှားစောင်းလက်ပတ်အနှစ် စားပွဲတင်ဇွန်း ½ ထပ်ရောကာ အကုန်လုံးနှံ့သွားအောင် သေချာရောသမမွှေပါ။

အနှစ်ရပြီဆိုပါက မျက်နှာပေါ်မှာ လိမ်းပေးပြီး မိနစ် ၂၀ ထားပေးပါ။ အချိန်ပြည့်ပါက ရေနဲ့မျက်နှာသစ်လိုက်ပါ။ ဒီနည်းလမ်းကိုတော့ နေ့စဥ်မှန်မှန်ပြုလုပ်ပေးမယ်ဆိုရင် သိသာထင်ရှားတဲ့ ရလဒ်ကောင်းတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။

Image Source: FabHow

By MyStyle Myanmar