အခုလို ရှေ့လေ တဖြူးဖြူးတိုက်ပြီး ရောက်ရှိလာပြီဖြစ်တဲ့ အေးအေးစိမ့်စိမ့်ဆောင်းရာသီမှာ သင့်နှုတ်ခမ်းတွေ ခြောက်ကပ်ကပ်နဲ့ အက်ကွဲနေပါသလား။ အဲ့လို နှုတ်ခမ်းခြောက်တာကို သက်သာအောင်မလုပ်ရင် အဖတ်တွေလန်တော့ ခွာမိပြီး သွေးထွက်တာ၊ သွေးထွက်တော့ ပိုးဝင်ပြီး ပိုဆိုးလာတာတွေ ဖြစ်လာပါလိမ့်မယ်။

ကဲ..ဒါကြောင့် ဆောင်းရာသီမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ နှုတ်ခမ်းခြောက်တာတွေ အက်ကွဲတာတွေကို အမြန်ဆုံးသက်သာပျောက်ကင်းစေမယ့် အိမ်တွင်းနည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။

ပျားရည်နဲ့ Vaseline

ပြုလုပ်နည်း

ပျားရည်ကို နှုတ်ခမ်းပေါ်မှာ သုတ်လိမ်းပေးပါ။ ပြီးရင် Vaseline ကို နောက်ထပ်တစ်လွှာ ထပ်လိမ်းပေးပါ။ ၁၀ မိနစ်ကနေ ၁၅ မိနစ်ကြားလောက် ထားထားပေးပါ။ ပြီးရင် အဝတ်စိုတစ်ခု ဒါမှမဟုတ် Wet Tissue နဲ့ နှုတ်ခမ်းကို ဖွဖွလေး ပွတ်လိုက်ပါ။

ဒီနည်းလမ်းလေးကို နေ့တိုင်း လုပ်ပေးပါ။ တစ်ပတ်ကြာရင် သိသာလာပါလိမ့်မယ်။

ပျားရည်မှာ ပိုးမွှားတွေကို ဖယ်ရှားပေးနိုင်တဲ့ ဂုဏ်သတ္တိရှိပါတယ်။ Vaseline ကလည်း အသားအရေ စိုပြေချောမွေ့ပြီး အာဟာရဓာတ် ဖြည့်ဆည်းပေးနိုင်ပါတယ်။

ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်ရဲ့ အနှစ်ကို ထုတ်လိုက်ပြီး နှုတ်ခမ်းမှာ လိမ်းကာ အိပ်ပေးပါ။ ကျန်ရှိတဲ့အနှစ်တွေကို လေလုံတဲ့ခွက်ထဲမှာသိမ်းပြီး ရေခဲသေတ္တာထဲထည့်ထားရင် နောက်နေ့ထပ်သုံးလို့ရပါတယ်။

ရှားစောင်းလက်ပတ်က ခြောက်သွေ့ပြီး အက်ကွဲနေတဲ့အသားအရေကို ကုသပေးနိုင်ပါတယ်။ အပေါ်ယံသေနေတဲ့ ဆဲလ်တွေကို ဖယ်ရှားပေးပြီး အေးမြတဲ့ခံစားမှုကို ပေးစွမ်းနိုင်ပါတယ်။