မင်္ဂလာပါ ပျိုမေလေးတို့ရေ။ မိန်းကလေးသဘာဝ အနည်းဆုံးတော့ မျက်နှာလေးကြည်လင်ပြီးစိုပြေလှပချင်ကြတာပေါ့နော်။ ဒါပေမယ့် ဝက်ခြံလေးတွေပေါက်ခဲ့တဲ့နေရာကနေ အမာရွတ်လေးတွေကြောင့် အကြီးအကျယ်စိတ်ညစ်ရတဲ့သူတွေလည်း ရှိပါတယ်။ အဲ့ဒီအတွက်တော့ လုံးဝမပူပါနဲ့နော်။

ဒီနေ့မှာတော့ ပျိုမေလေးတို့အတွက် ဝက်ခြံအမာရွတ်တွေကို အိမ်တွင်းသုံးပစ္စည်းလေးတွေနဲ့ ဘယ်လိုပေါင်းတင်ပြီး သက်သာပျောက်ကင်းအောင်လုပ်လို့ရတယ်ဆိုတာ ဝေမျှပေးလိုက်ပါတယ်နော်။

ပျားရည် နှင့် သံပရိုသီး

ပျားရည်နဲ့လီမွန်တို့ကတော့ ဝက်ခြံအမာရွတ်တွေကို ပျောက်ကင်းအောင်သုံးတဲ့နေရာမှာ ရေပန်းစားဆုံးဆိုတာ သိမယ်လို့ထင်ပါတယ်။ ဒီနည်းလေးကတော့ ပြုလုပ်ရလွယ်ကူပြီး အကျိုးသက်ရောက်မှုအားလည်း ကောင်းပါတယ်။

လုပ်နည်းအဆင့်ဆင့်

1. လီမွန်(အရည်ညှစ်ပြီး) နှင့် ပျားရည်ကိုရောပါ။

2. မျက်နှာကိုဆေးကြောသန့်စင်ပြီးပါက အရည်ကို မျက်နှာပေါ်သို့ မိနစ်၃၀ခန့် သုတ်လိမ်းပေးပါ။

အာလူး , ခရမ်းချဉ်သီး

အားလူးနဲ့ခရမ်းချဉ်သီးကတော့ ကျန်းမာရေးကောင်းစေရုံသာမက အသားအရေကောင်းစေဖို့အတွက်လည်း နံပါတ်တစ်ပြေးနေတဲ့ အိမ်တွင်းသုံးအလှအပရေးရာအသီးအနှံတွေဆိုလည်း မမှားဘူးနော်။ ဝက်ခြံအမာရွတ်ပျောက်အောင်လည်း လုပ်ပေးနိုင်တဲ့အကျိုးအာနိသင်တွေရှိလို့ စမ်းလုပ်ကြည့်စေချင်ပါတယ်။

လုပ်နည်းအဆင့်ဆင့်

1. သန့်စင်ထားသောအာလူးတစ်လုံးနှင့် ခရမ်းချဉ်သီးတစ်လုံး ( အစေ့ပါသော)အား ဖျော်ရည်စက်ထဲသို့ထည့်ကြိတ်ပါ။

2. ရလာသည့်အရည်ကို သံလွင်ဆီ အနည်းငယ်ရောကာ မျက်နှာပေါ်တွင်သုတ်လိမ်းပါ။

3. မိနစ်၂၀ကြာပြီးနောက်ရေစင်စင်ဖြင့်ဆေးကြောပါ။

သခွားသီး 

ကဲ… သခွားသီးလေးနဲ့ပေါင်းတင်တာကတော့ ကိုရီးယားကားတွေမှာ မြင်ဖူးနေကြမို့ မစိမ်းလောက်ပါဘူးနော်။ ဒါပေမဲ့ ဒီနည်းလေးမှာတော့ ဒိန်ချဉ်လေးပါထည့်ပြီး ပြုလုပ်ပေးရမှာပဲဖြစ်ပါတယ်။ သခွားသီးကရေဓာတ်လည်းပြည့်ဝစေတဲ့အတွက် မျက်နှာလေးက ကြည်ကြည်အေးအေးလေးဖြစ်နေမှာပါ။

လုပ်နည်းအဆင့်ဆင့်

1. အခွံခွာထားသည့် သခွားသီးတစ်လုံးနှင့် ဒိန်ချဉ် (စားပွဲတင်ဇွန်း၁ဇွန်း) ကို ရောမွှေပြီးကြိတ်ပါ။

2. ထို့နောက် မျက်နှာပေါ်တွင်လိမ်းပေးပြီး ၁၀မိနစ်ကြာသည့်အခါ ရေဆေးကြောပေးပါ။

ရှားစောင်းလက်ပတ်

ရှားစောင်းကတော့အသားအရေကောင်းစေတဲ့နေရာမှာ ဆရာတစ်ဆူဆိုတာပျိုမေတို့သိပြီးသားဖြစ်မှာပါနော် ပြီးတော့ ဗီတာမင်ဒီ ဗီတာမင်အီး ဇင့်ဓာတ်တို့ပါဝင်တဲ့အတွက် ပျက်စီးနေတဲ့အသားအရေအတွက် အသင့်လျော်ဆုံးပဲဖြစ်ပါတယ်

လုပ်နည်းအညွှန်း

1. ရှားစောင်း ကို သံပုရာရည် (စားပွဲတင်ဇွန်း၁ဇွန်း)နှင့်ရောမွှေပါ။

2. ရလာသည့်အရည်ဖြင့် အမာရွတ်ရှိသည့်နေရာကို ၁၀မိနစ်ခန့်လိမ်းသုတ်ပေးပါ။

3. ထို့နောက်ရေစင်စင်ဖြင့်ဆေးကြောပါ။

ကဲ.. ဒီနည်းလေးတွေထဲက ကြိုက်နှစ်သက်ရာတစ်ခုကို တစ်ပတ်ကိုနှစ်ကြိမ်ပြုလုပ်ပေးရင်တော့ ဝက်ခြံအမာရွတ်လေးပျောက်ကင်းပြီး ကြည်လင်ဝင်းပတဲ့အသားအရေလေးရရှိမှာပါ။ တစ်ခုသတိထားရမှာတော့ အသားအရေကောင်းမွန်ဖို့အတွက်ဆိုရင်တော့ Sunscreen လေးကိုလည်း မဖြစ်မနေသုံးပေးဖို့နဲ့ Cleansing Step လေးတွေကို သေချာလုပ်ပေးဖို့တော့ မမေ့ပါနဲ့နော်။