မိန်းကလေးတိုင်းကတော့ ဝက်ခြံနဲ့ အမဲစက်များ၊ နေလောင်ဒဏ်တွေ မခံစားရဘဲ အပြစ်အနာအဆာကင်းမဲ့တဲ့ အသားအရေလေးကို ပိုင်ဆိုင်ချင်ကြတာချည်းပါပဲ့။ ဒါပေမဲ့လည်း နေ့စဉ် သွားလာလှုပ်ရှားနေရတာကြောင့် နေရောင်ခြည်ဒဏ်၊ ဖုန်မှုန့်နဲ့ အညစ်အကြေးတွေကို မထိတွေ့ချင်ပေမယ့်လည်း ထိတွေ့နေရတာပါပဲ။ ကြာလာတော့ အသားအရေက ညစ်နွမ်းပြီးပျက်စီးလာတော့တာပေါ့။ ဒါ့ကြောင့် ဒီတစ်ခါမှာတော့ အဆီပြန်တဲ့အသားအရေပိုင်ရှင်နဲ့ ခြောက်သွေ့တဲ့အသားအရေပိုင်ရှင်တွေမဟုတ်ဘဲ ပုံမှန်အသားအရေပိုင်ရှင်တွေအတွက် ထိရောက်တဲ့ သဘာဝပေါင်းတင်နည်းလမ်းကောင်းတွေကို ဝေမျှပေးလိုက်ပါတယ်။

ပေါင်းတင်နည်း ၁

လတ်ဆတ်တဲ့ သဘာဝဒိန်ချဉ် စားပွဲတင်ဇွန်းတစ်ဇွန်းနဲ့ သံပုယိုရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ကို ရောနယ်ပေးလိုက်ပါ။ ရလာတဲ့အနှစ်တွေကို မျက်နှာပေါ်ကို အသာအယာသုတ်လိမ်းပေးလိုက်ပါ။ မိနစ် ၂၀ လောက်ကြာမှ ရေအေးအေးလေးနဲ့ မျက်နှာသစ်ပေးလိုက်ပါ။ ဒီပေါင်းတင်နည်းကို မနက်အိပ်ရာထချိန်မှာလည်း ပြုလုပ်ပေးလို့ရသလို ညအိပ်ရာဝင်ခါနီးအချိန်မှာ ပြုလုပ်ပေးလည်းရပါတယ်။

ပေါင်းတင်နည်း ၂

သံပုယိုသီးကို လေးပုံပုံ တစ်ပုံလှီးဖြတ်လိုက်ပြီး သံပုယိုသီးပေါ်ကို ပျားရည် ငါးစက်လောက်ချလိုက်ပါ။ ပြီးတဲ့အခါ မျက်နှာပေါ်မှာ တစ်မိနစ်ခန့် အသာအယာလေး ပွတ်တိုက်ပေးလိုက်ပါ။ ပွတ်တိုက်ပြီး ၅ မိနစ်လောက်ကြာမှ ရေအေးအေးလေးနဲ့ မျက်နှာသေစ်ပေးလိုက်ပါ။ ဒီနည်းလမ်းကို အသုံးပြုမယ်ဆိုရင်တော့ ညအိပ်ရာဝင်ခါနီးအချိန်မှာပဲ ပြုလုပ်ပေးရမှာပါ။

ပေါင်းတင်နည်း ၃

လိမ္မော်ရည် စားပွဲတင်ဇွန်းတစ်ဇွန်း၊ သံပုယိုရည် စားပွဲတင်ဇွန်း တစ်ဇွန်းနဲ့ ဒိန်ချဉ် ဖန်ခွက် တစ်ခွက်ခန့်ကို ရောနယ်ပေးလိုက်ပြီး မျက်နှာပေါ်သုတ်လိမ်းပေးလိုက်ပါ။ ၁၅ မိနစ်ခန့်ကြာမှ ရေစိုတစ်သျှူး (Wet Tissue) လေးနဲ့ သင့်ရဲ့ မျက်နှာကို သန့်စင်ပေးလိုက်ပါ။

ဒီပေါင်းတင်နည်းလမ်းတွေထဲက ပျိုမေတို့ နှစ်သက်ရာတစ်ခုကို ရွေးချယ်ပြုလုပ်နိုင်ပါတယ်။ ဒါဆိုရင်တော့ ပျိုမေလေးတို့ရဲ့ မျက်နှာက အမဲစက်ကင်းစင်ပြီး ကြည်လင်တောက်ပြောင်လာပါလိမ့်မယ်။

အရေးအကြီးဆုံးအချက်

ကျန်းမာလှပတဲ့ အသားအရေပိုင်ဆိုင်ချင်သူတွေအတွက် နောက်ထပ် အရေးကြီးဆုံးတစ်ချက်ကတော့ အိပ်ရေးဝဝ အိပ်စက်ခြင်းပဲဖြစ်ပါတယ်။ အိပ်ရေးမဝတဲ့အခါ လူက ပင်ပန်းနုန်းချိနေမယ့်အပြင် သင့်အသားအရေကလည်း ညစ်နွမ်းနွမ်းနဲ့ ကြည့်မကောင်းဖြစ်နေမှာကတော့ အမှန်ပါပဲ။ အိပ်ရေးပျက်တာများလာတဲ့အခါ သင့်ရဲ့သွေးကြောလေးတွေက ချဲ့သွားပြီး မျက်ကွင်းညိုခြင်းဖြစ်ပေါ်တာကြောင့် အလှပျက်တော့တာပေါ့။

Source: www.stylecraze.com