မင်္ဂလာပါနော်။ သင့်က လက်ရှိမှာ ဆိုးဆေး၊ ကောက်ဆေးတွေနဲ့ လုံးဝမထိရသေးတဲ့ သဘာဝဆံသားကို ပိုင်ဆိုင်ထားသူလား။ ဒီလို မပျက်စီးသေးတဲ့ဆံသားက ထိန်းသိမ်းရလွယ်ပေမယ့် တစ်ခါတစ်ရံ ဗောက်ထတာ၊ ဆံပင်ကျွတ်များပြီး ရှုပ်ထွေးလွယ်တာတွေ ဖြစ်တတ်တာမို့ ဒါတွေမဖြစ်အောင် ကိုယ်သုံးနေကျ Shampoo ကို သေချာရွေးချယ်ပြီး သင့်တော်တဲ့ ဆံသားထိန်းသိမ်းမှုလေးတွေ ပုံမှန်လုပ်ပေးဖို့လိုပါတယ်။

ဒါကြောင့်မို့ ဒီတစ်ခေါက်မှာ ပျိုမေတို့ရဲ့ သဘာဝဆံသားလေး ပျော့ပြောင်း တောက်ပြောင်ဖို့ အကုန်အကျ သက်သက်သာသာနဲ့ ကိုယ်တိုင်လုပ်နိုင်မယ့် DIY ထိန်းသိမ်းနည်းလေးတွေအကြောင်းကို မျှဝေပေးလိုက်ပါတယ်။

၁။ ဆံပင်ညှိလွယ်တဲ့သူတွေအတွက် ပန်းသီးရှာလကာရည်


ခဏခဏ ဆံပင်ထုံးပြီး ညှိလွယ်လို့ ခေါင်းဖြီးရခက်နေသူတွေအနေနဲ့ ပန်းသီးရှာကလာရည်ကို အသုံးပြုနိုင်ပါတယ်။ ပန်းသီးရှာလကာရည်တစ်ဇွန်းကို ရေခပ်နွေးနွေးတစ်ခွက်နဲ့ရောပြီး ရလာတဲ့အရည်ကို ခေါင်းလျှော်ပြီးချိန် လောင်းချပြီး မိနစ်အနည်းငယ်ထားပေးပါ။ ပြီးနောက်ရေနဲ့ဆေးချပြီး Conditioner ပန်သုံးပေးရမှာဖြစ်ပါတယ်။

၂။ ဆံသားတောက်ပြောင်ပြီး ပုံကျစေမယ့် Shea Butter နဲ့ ပျားရည်


ဒီပေါင်းတင်နည်းက သင့်သဘာဝဆံသားကို နေ့စဉ်ပျော့ပြောင်းတောက်ပြောင်ဖို့ ကူညီပေးနိုင်မှာပါ။ သုံးရမယ့်ပုံစံကတော့ Shea Butteer ခွက် လေးပုံတစ်ပုံကို ပျားရည် နှစ်ဇွန်း၊ ရှားစောင်းလက်ပတ် Gel နဲ့ သံလွင်ဆီ နှစ်ဇွန်းတို့နဲ့ရောကာ ဆံသားမှာလိမ်းပေးပါ။ ၁၅ မိနစ်လောက်ထားပြီးမှ ရေနဲ့ပြန်ဆေးပေးရပါမယ်။

၃။ သဘာဝဆံသားအတွက် Deep Conditioner ပြုလုပ်နည်း


သဘာဝဆံသားအများစုက မထိန်းသိမ်းဘဲထားမိတဲ့အခါ ခြောက်သွေ့လွယ်ပြီး ဆံပင်ကြမ်းလာတတ်ပါတယ်။ ဆံပင်ပြန်လည်သန်စွမ်းပြီး ပျော့ပြောင်းလာအောင် ဒီသဘာဝနည်းလေးနဲ့ ပေါင်းတင်ကြည့်နိုင်ပါတယ်။ ပါဝင်ပစ္စည်းတွေကတော့ ဌက်ပျောသီးတစ်လုံး၊ သံလွင်ဆီ ၄ ဇွန်း၊ ပျားရည် ၂ ဇွန်းတို့ဖြစ်ပြီး ဒါတွေအားလုံးကို Blender ထဲမှာရောကြိတ်ပေးရမှာပါ။ ရလာတဲ့အနှစ်ကို ဆံသားပေါ်နှိပ်နယ်ပြီး လိမ်းထားပေးပါ။ မိနစ် ၃၀ လောက်ထားပြီး ပုံမှန်အတိုင်း ခေါင်းလျှော်ချနိုင်ပါတယ်။

၄။ ဗောက်ထသက်သာစေမယ့် ဂျင်းမြစ်၊ နှမ်းဆီနဲ့ သံပယိုရည်


ဗောက်သက်သာချင်သူတွေအနေနဲ့ ဂျင်းမြစ်ကို စားပွဲတင်ဇွန်း တစ်ဇွန်းစာ အရည်ထွက်အောင် ညှပ်ယူပြီး နှမ်းဆီအနည်းငယ်၊ သံပယိုရည် တစ်ဇွန်းတို့နဲ့ရောပြီး ဦးရေပြားပေါ်လိမ်းပေးတာမျိုး ပြုလုပ်နိုင်ပါတယ်။ လိမ်းထားပြီး ခြောက်သွားတဲ့အခါ ရေနဲ့ပြန်ဆေးချလိုက်ရုံပါပဲ။

၅။ ဆံသားအရှည်မြန်စေမယ့် ကြက်ဥနဲ့ပေါင်းတင်နည်း


ကြက်ဥကရတဲ့ ပရိုတင်းက ဆံသားအာဟာရဖြည့်ပေးပြီး ဆံပင်တောက်ပြောင်ကာ အရှည်မြန်စေပါတယ်။ ကိုယ့်ဆံပင်အရှည်ပေါ်မူတည်ပြီး ကြက်ဥအစိမ်း ၂ လုံး (သို့) ၃ လုံးကို ပန်းကန်လုံးတစ်ခုထဲ ခလောက်ကာ ဆံသားအနှံ့ ငါးမိနစ်လောက် နှိပ်နယ်ပြီး လိမ်းထားပေးပါ။ ပြီးရင်တော့ ခေါင်းပြန်လျှော်ပေးရပါမယ်။

၆။ အုန်းနို့နဲ့ ဆံသားအားဖြည့်ပေါင်းတင်နည်း


ဒီ DIY ပေါင်းတင်နည်းလေးက ဆံပင်သန်ပြီး အနံ့လည်းမွှေးစေပါတယ်။ အုန်းနို့ တစ်ခွက်စာကို ပျားရည်တစ်ဇွန်း၊ ကြိတ်ပြီးသား ထောပတ်သီး တစ်ဇွန်းတို့နဲ့ ရောပြီး ရေမစိုသေးတဲ့ ဆံသားပေါ်မှာ လိမ်းပေးရမှာဖြစ်ပါတယ်။ Shower Cap နဲ့အုပ်ကာ ၁၅ မိနစ်လောက်ထားပြီး ပေါင်းတင်ပေးပါ။ အချိန်ပြည့်တဲ့အခါ ရေဆေးချလိုက်ပါ။

Photo Source: Pinterest

By MyStyle Myanmar