ဆံသားသန်စွမ်းပြီး ထူလာစေဖို့အတွက် အိမ်မှာပဲ ကိုယ်တိုင်ပြုလုပ်လို့ရတဲ့ DIY Hair Mask ပြုလုပ်နည်းတွေကို မျှဝေပေးလိုက်ပါတယ်။ ငွေကုန်ကြေးကျ သက်သာချင်တယ်ဆိုရင်တော့ ဒီနည်းလမ်းလေးတွေကို အသုံးပြုပြီး ဆံသားကိုထိန်းသိမ်းကြည့်နော်။

သစ်ကြားပိုးခေါက်အမှုန့်နဲ့အုန်းဆီ

သစ်ကြားပိုးခေါက်အမှုန့်နဲ့ အုန်းဆီကိုသုံးပြီးတော့ လုပ်ပေးရမယ့် Hair Mask ဖြစ်ပါတယ်။ နှစ်မျိုးလုံးကို ပျစ်ပျစ်လေးဖြစ်အောင် ရောမွှေပြီး ဆံသားအရင်းကနေ အဖျားအထိ၊ ဦးရေပြားအထိ သေချာလိမ်းပေးပြီး မိနစ် ၃၀ ထားပါ။ အချိန်ပြည့်ရင် ခေါင်းလျှော်လိုက်ရုံပါပဲ။

ဒီ Hair Mask က ဆံပင်ပါးပြီး ကျိုးကြေတာတွေ သက်သာစေတယ်၊ ဆံသားသန်စွမ်း ကျန်းမာလာစေပါတယ်။

ထောပတ်သီးနဲ့ငှက်ပျောသီး

ထောပတ်သီးနဲ့ငှက်ပျောသီးကို ချေပြီးတော့ ဆတူရောမွှေပါ။ ကျေညက်အောင်ချေပြီး မွှေပေးပါ။ ပြီးရင်တော့ ဆံသားအနံ့လိမ်းပြီး ဦးရေပြားကိုပါ လိမ်းပေးပါ။ ၁၅ မိနစ်ထားပြီးရင်တော့ ခေါင်းလျှော်လို့ရပါပြီ။

ဒီ Hair Mask က ဆံသားခြောက်သွေ့ပြီး ပျက်စီးတာတွေကို သက်သာစေပြီး ဆံသားကျန်းမာစေတယ်၊ ဆံသားသန်စွမ်းပြီး တောက်ပြောင်လာစေပါတယ်။

အုန်းဆီနဲ့ပျားရည်

အုန်းဆီနဲ့ပျားရည်ကိုလည်း ဆတူရောပြီး ဆံသားနဲ့ဦးရေပြားအနှံ့ လိမ်းပေးပါ။ မိနစ် ၃၀ ထားပြီးမှ ခေါင်းလျှော်ပေးပါ။

ဒီ Hair mask က ဆံသားခြောက်သွေ့ပြီး ပျက်စီးတာ၊ ဆံသားဖွာပြီး ဆံပင်နှစ်ခွဖြစ်တာတွေ သက်သာစေတယ်၊ ဆံသားချောမွေ့ပြီး ဆံပင်သန်လာစေပါတယ်။

အုန်းဆီ၊ ပျားရည်နဲ့ ထောပတ်သီးဆီ

အုန်းဆီ၊ ပျားရည်နဲ့ ထောပတ်သီးဆီကိုလည်း ဆတူရောစပ်ပြီး ဆံသားအနှံ့၊ ဦးရေပြားအနှံ့ လိမ်းပေးပါ။ ပြီးရင် ၁၀ မိနစ်ပဲထားပြီး ခေါင်းလျှော်ပေးပါ။

ဒီ Hair Mask ကတော့ ဆံပင်ဖွာပြီး ဆံသားခြောက်သွေ့နေတာတွေ သက်သာစေပြီး ဆံသားတောက်ပြောင်လာစေတယ်၊ ဆံပင်သန်လာစေပါတယ်။