မိမိမီးဖိုချောင်ရှိပစ္စည်းများနှင့် သဘာဝနည်းအတိုင်း ပေါင်းတင်ခြင်းက ယခုနောက်ပိုင်း ခေတ်စားလာတဲ့ ပေါင်းတင်နည်းတစ်ခုပဲဖြစ်ပါတယ်။ သဘာဝပစ္စည်းများဖြစ်လို့ ဘေးထွက်ဆိုးကျိုးများကိုလည်း စိတ်ပူစရာမလိုပါဘူး။

ဒါပေမဲ့ ကိုယ်တိုင်ကိုယ်ကျ လုပ်ရတာဖြစ်တဲ့အတွက်ကြောင့် နည်းနည်းတော့ အလုပ်ပိုပါတယ်။ ဒါပေမဲ့လည်း ဆံကေသာ ပျက်စီးကြမ်းတမ်းလို့ စိတ်ညစ်ရတာထက်စာရင် ၅ မိနစ်လောက် အလုပ်ရှုပ်ခံရတာ တန်တယ်မဟုတ်လား။

ဒါဆိုရင်တော့ ဆံကေသာက ပိုးသားလေးလို ပြန်လည်နူးညံ့လာအောင် ဘယ်လိုပေါင်းတင်ရမလဲဆိုတာ အတူတူလေ့လာကြည့်လိုက်ရအောင်။

အုန်းဆီနှင့် ပျားရည်

အုန်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်းကို ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ သမအောင် ရောမွှေလိုက်ပါ။ ထို့နောက် ဆံကေသာ အရင်းကနေ အဖျားအထိ သုတ်လိမ်းကာ ဦးရေပြားထဲအထိ စိမ့်ဝင်အောင် နှိပ်နယ်ပေးလိုက်ပါ။ ထို့နောက် ဆံကေသာကို Shower Cap ဖြင့် ၁၅ မိနစ်၊ မိနစ် ၂၀ ခန့် အုပ်ထားလိုက်ပါ။

သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ ခေါင်းလျှော်ချလိုက်ပါ။ အုန်းဆီက ဆံကေသာကို နူးညံ့အောင်နဲ့ ပြန်လည်တောက်ပြောင်လာအောင် ကူညီပေးပြီး ပျားရည်ကတော့ ဆံကေသာအစိုဓာတ် ပြန်လည်ရရှိလာအောင် ကူညီပေးပါတယ်။

အုန်းဆီနှင့် သစ်ကြမ်းပိုးခေါက်အမှုန့်

အုန်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်းကို သစ်ကြမ်းပိုးခေါက်အမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ သမအောင် ရောမွှေလိုက်ပါ။ ထို့နောက် ဆံကေသာအရင်းကနေ အဖျားအထိ သုတ်လိမ်းပြီးနောက်မှာ ဦးရေပြားကို နှိပ်နယ်ပေးလိုက်ပါ။ Shower Cap လေး ဆောင်းထားကာ မိနစ် ၃၀ မှ ၄၅ မိနစ်အထိ ပေါင်းတင်ထားပါ။

သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ ပုံမှန်လျှော်နေကျ ခေါင်းလျှော်ရည်၊ Conditioner တို့ဖြင့် ခေါင်းလျှော်လိုက်ပါ။ တစ်ပတ်လျှင် တစ်ကြိမ်ခန့် ပုံမှန်ပြုလုပ်ပေးရုံမျှဖြင့် ထူးခြားတဲ့ရလာဒ်ကို မြင်တွေ့ရမှာပါ။

ကြက်ဥအကာနှင့် သံပုယိုသီး

ကြက်ဥများကတော့ ဗီတာမင် အေ၊  ဒီအေနှင့် ပရိုတင်းဓာတ်တို့အပြင် ဖက်တိအက်စစ်များလည်း ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် ဆံကေသာက တောက်ပြောင်စေပြီး သံပုယိုသီးကတော့ ဆံကေသာပျက်စီးခြင်းမှ ကာကွယ်ပေးပါတယ်။

ကြက်ဥအကာတစ်လုံးကို သေသေချာချာ ခွဲယူလိုက်ပါ။ ထို့နောက် သံပုယိုသီးတစ်ခြမ်းကို အရည်ညှစ်လိုက်ပါ။ ထို့နောက် ကြက်ဥအကာနှင့် သမအောင် မွှေခလောက်လိုက်ပါ။ ထို့နောက် ဆံကေသာကို အနည်းငယ်စိုစွတ်အောင် ပြုလုပ်လိုက်ပါ။ ပြီးရင်တော့ ဆံပင်အရင်းကနေအဖျားအထိ သုတ်လိမ်းလိုက်ပါ။

Shower Cap လေး စွပ်ထားပြီး မိနစ် ၃၀၊ ၄၅ မိနစ်ခန့် ပေါင်းတင်လိုက်ပါ။ ပြီးရင်တော့ ခေါင်းလျှော်ရည်၊ Conditioner တို့ဖြင့် ခေါင်းလျှော်ချလိုက်ပါ။

အထက်ဖော်ပြပါနည်းလမ်းထဲက မိမိကြိုက်နှစ်သက်ရာတစ်နည်းနည်းကို အသုံးပြုကာ ပျက်စီးနေတဲ့ဆံကေသာကို ပြန်လည်ထိန်းသိမ်းလိုက်ပါ။