မီးဖိုချောင်မှာ အလွယ်ရနိုင်တဲ့ပစ္စည်းတွေက အချိန် ၁၅ မိနစ် ၃၀ မိနစ်ပေးရုံနဲ့ ကိုရီယားကောင်မလေးတွေလို ကြည်လင်တဲ့ Glass Skin လေးလို ဖြစ်စေတယ်လို့ပြောရင် ယုံပါ့မလား ? ဟုတ်မဟုတ်ဆိုတာ သိချင်ရင်တော့ အိမ်မှာအချိန်ရတဲ့အခါ အခုပြောပြမယ့် DIY Face Mask တွေကို စမ်းကြည့်ပါ။

ဝက်ခြံအမာရွတ်တွေအတွက်ဆို နနွင်းကို စမ်းကြည့်ပါ။ ပျားရည်အစိမ်း ၁ ဇွန်း ၊ နို့ ၁ ဇွန်း နဲ့ နနွင်း ၁ ဇွန်းတို့ကို ရောမွှေပြီး မျက်နှာကို လိမ်းပေးပါ။ ၁၅ မိနစ်လောက်ထားပြီးမှ ရေနဲ့သေချာပြန်ဆေးပါ။

အသားအရေယားတတ်တယ်ဆိုရင်တော့ Oatmeal ကို စမ်းကြည့်ဖို့ အကြံပေးပါရစေ။ Oatmeal ၁ ဇွန်း ၊ ပျားရည်အစိမ်း ၁ ဇွန်း ၊ ရေ ၁ ဇွန်းတို့ကိုရောပြီး မျက်နှာနဲ့ ခန္ဓာကိုယ်ကို လိမ်းပေးပါ။ 15-20 မိနစ်လောက်ကြာမှ ရေနဲ့ဆေးချပါ။

နှုတ်ခမ်းကို ရေဓာတ်ဖြည့်ပေးရင်း ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်တဲ့ ဒီ Mask က သကြားပါတာမလို့ နှုတ်ခမ်းသားကို နူးညံ့စေပါတယ်။ သကြားအကြမ်း သို့ သကြားညို ၁/၂ ဇွန်း ၊ ပျားရည် ၁/၂ ဇွန်း ၊ အုန်းဆီ ဇွန်းတစ်ဝက်တို့ကို ရောပြီးရင် ခွက်တစ်ခုထဲထည့်ပြီး ရေခဲသေတ္တာထဲမှာ ၁၀ မိနစ်လောက်ထားလိုက်ပါ။ ပြီးမှ နှုတ်ခမ်းကို လိမ်းပေးပါ။ ပြီးရင် အဝတ်နွေးနွေးနဲ့ သုတ်ပေးပါ။ နောက်ဆုံးမှာ Lip Balm လိမ်းဖို့မမေ့ပါနဲ့။

ဒိန်ချဥ်က အစာချေဖျက်နိုင်ရုံသာမက ဝက်ခြံကိုလည်း ကုသနိုင်ပါတယ်။ ဒိန်ချဥ် ၁ ဇွန်း ၊ Oatmeal ၁ ဇွန်း ၊ ပျားရည် ၁ ဇွန်းတို့ကို ရောပြီး မျက်နှာကို လိမ်းပေးပါ။ ၁၅ မိနစ်လောက်ထားပြီးမှ ရေနဲ့သေချာပြန်ဆေးပါ။

ဖျော်ရည်တွေမှာ သုံးတဲ့ Matcha အမှုန့်ကို ရှားစောင်းလက်ပတ်နဲ့ တွဲသုံးတာက ဝက်ခြံနဲ့ ရောင်ရမ်းမှုကို တိုက်ဖျက်ပေးနိုင်ပါတယ်။ လတ်ဆတ်တဲ့ ရှားစောင်းလက်ပတ် ၂ ဇွန်း ၊ Matcha အမှုန့် နည်းနည်းနဲ့ သစ်ကြံပိုးခေါက်မှုန့်နည်းနည်းတို့ကို ရေပူပူနဲ့ရောမွှေလိုက်ပါ။ ပြီးရင် မျက်နှာနဲ့ကိုယ်လိမ်းချင်တဲ့နေရာကိုလိမ်းပြီး ၁၅ မိနစ်လောက်ထားပြီးမှ ရေသေချာပြန်ဆေးပါ။

ကော်ဖီမှုန့် ¼ ခွက် နဲ့ အုန်းဆီ 2 ဇွန်းတို့ကို သေချာရောမွှေပြီး မျက်နှာ သို့မဟုတ် ခန္ဓာကိုယ်ပေါ်ကိုလိမ်းပြီး 15-20 မိနစ်ခန့် ထားပေးပါ။ ပြီးမှ ရေနဲ့သေချာပြန်ဆေးပါ။

ပျားရည် 2 ဇွန်း ၊ ထောပတ်သီး ၂ ဇွန်း ၊ သံလွင်ဆီ 2 ဇွန်းနဲ့ သရက်သီးမှည့် ၁ လုံးကို သေချာသမအောင် ရောမွှေပြီး မျက်နှာကို လိမ်းပေးပါ။ ၁၅ မိနစ်လောက်ထားပြီးမှ အဝတ်နွေးနွေးနဲ့ သုတ်ပေးပါ။