ဆံသားအဆီပြန်လို့ စိတ်ညစ်နေတဲ့သူတွေအတွက်လည်း နည်းလမ်းကောင်းလေးကို မျှဝေပေးလိုက်ပါတယ်နော်။ ဆံသားအဆီပြန်ရင် ခေါင်းခဏခဏလျှော်ရသလို ခဏလေးနဲ့ အဆီပြန်လို့ သိပ်စိတ်ညစ်ဖို့ကောင်းပါတယ်။

ဒါ့ကြောင့် ဒီ DIY Dry Shampooလေးကို အသုံးပြုပြီး ဆံသားအဆီပြန်တာကို ဖြေရှင်းလိုက်ကြရအောင်…

ပါဝင်ပစ္စည်းတွေကတော့

ပြောင်းဖူးကော်မှုန့် စားပွဲတင်ဇွန်း ၆ ဇွန်း

ဆန်မှုန့် စားပွဲတင်ဇွန်း ၆ ဇွန်း

မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၃ ဇွန်း

အုန်းဆီ ၁၀ စက်

သံလွင်ဆီ ၁၀ စက်

ဘူးတစ်ခု

ပြုလုပ်နည်း

ဘူးတစ်ခုထဲကို ပြောင်းဖူးကော်မှုန့်၊ ဆန်မှုန့်နဲ့ မုန့်ဖုတ်ဆိုဒါကို ရောပြီးထည့်လိုက်ပါ။ ပြီးရင် သေချာရောသွားအောင် လှုပ်ခါပေးပါ။ ပြီးရင် အုန်းဆီနဲ့ သံလွင်ဆီထည့်ပြီး လှုပ်ခါလိုက်ပါ။

သေချာရောသွားပြီဆိုရင် အသုံးပြုလို့ရပါပြီနော်။

အသုံးပြုနည်းလေးကတော့..

ဆံပင်တွေကို ခွဲလိုက်ပြီး အဲဒီရောထားတဲ့ဟာကို ဦးရေပြားပေါ်မှာ ဖြူးပေးပါ။

ပြီးရင် လက်လေးနဲ့ ဦးရေပြားတစ်ခုလုံးကို နှံ့သွားအောင် နှိပ်ပြီး ဖြန့်ပေးပါ။ ဖြည်းဖြည်းလေးနှိပ်ပေးသင့်ပါတယ်။ ၅ မိနစ် ၁၅ မိနစ်လောက်ထားပြီးရင် ခေါင်းဘီးနဲ့ အဖြူရောင်အမှုန့်တွေ ကျသွားအောင် ဖြီးချလိုက်ပါ။ ပြီးရင် ခေါင်းလျှော်ချလိုက်ပါ။ တစ်ပတ် တစ်ကြိမ်နှုန်းနဲ့ တစ်လလောက် လုပ်ပေးရင် သိသာတဲ့ရလဒ်ကို တွေ့မြင်ရမှာပဲ့ ဖြစ်ပါတယ်။