တခါတလေ တချို့သောသူတွေက အကြောင်းအရင်းမရှိ စိတ်ဓာတ်တွေ ကျတတ်ကြတယ်။ စိတ်ဓာတ်ကျပြီး မပျော်မရွှင်ဖြစ်ရတာဟာ အကြောင်းအမျိုးမျိုး ရှိတယ်လို့ ပညာရှင်တွေက ပြောထားကြပါတယ်။ တချို့တွေက ဖိအားများတာ၊ မျိုးရိုးအရ ခုခံအားနည်းတာ၊ ဆေးသောက်နေရတာ အစရှိတာတွေကြောင့် စိတ်တွေလေးလံပြီး မပျော်မရွှင် ဖြစ်နေတတ်ကြပါတယ်။
ဒီနေ့တော့ ပျော်ရွှင်စွာနေထိုင်နိုင်ဖို့အတွက် စွန့်လွှတ်သင့်တဲ့ အရာတွေကို ဖော်ပြပေးသွားမှာပါ။
မိမိကိုယ်ကိုယ်နဲ့ တခြားသူတွေကို ဝေဖန်တာ
မိမိကိုယ်ကိုယ် ဝေဖန်တာက မပျော်ရွှင်ရခြင်းဆီကို အဓိက ဦးတည်သွားစေပါတယ်။ ပညာရှင်တွေကတော့ မိမိကိုယ်ကို ဝေဖန်တာဟာ အနာဂတ်ရည်မှန်းချက်တွေ အောင်မြင်မှုအတွက် အတားအဆီးဖြစ်စေတယ်လို့ ဆိုထားပါတယ်။
တခြားသူတွေကို ပြောဆိုဝေဖန်တာနဲ့ ပျော်ရွှင်မှုက ဆက်နွယ်မှု မရှိပါဘူးလို့ ထင်ကောင်းထင်နေပါလိမ့်မယ်။ ဒါပေမယ့် ဝေဖန်ပြောဆိုတာက သင့်ရဲ့အတွင်းစိတ်ကနေ လာတာဖြစ်တဲ့အတွက်ကြောင့် တိုက်ရိုက်သက်ဆိုင်မှုရှိပါတယ်။
တခြားသူတွေကို ဝေဖန်စကားပြောပြီဆိုကတည်းက မကောင်းမြင်စိတ်တွေ ရှိလာပါတယ်။ ဒီစိတ်တွေကပဲ ပျော်ရွှင်မှုတွေကို အဝေးကိုတွန်းထုတ်နေကြတာပါ။
အတိတ်က အမှားတွေကြောင့် အပြစ်ရှိသလိုခံစားနေရတာ (နောင်တရနေတာ)
လူတိုင်းအမှားလုပ်တတ်ကြပါတယ်။ အမှားနဲ့ကင်းတဲ့သူဆိုတာ မရှိပါဘူး။ ဒါပေမယ့် အမှားလုပ်ခဲ့မိရင် အတိတ်မှာပဲ ထားခဲ့လိုက်ပါ။ တစုံတယောက်ကို စိတ်မကောင်းဖြစ်အောင် အမှားတွေလုပ်မိခဲ့တယ်ဆိုရင် တောင်းပန်လိုက်ပါ။ အမှားတွေကနေ သင်ခန်းစာယူပါ။
အတိတ်က လုပ်မိခဲ့တဲ့ အပြစ်တွေအမှားတွေကို ပြန်တွေးပြီး သင့်ရဲ့ပျော်ရွှင်တဲ့ဘဝကို မဖျတ်စီးလိုက်ပါနဲ့။
မနာလိုစိတ်ရှိတာ
တခြားသူတွေရဲ့ အောင်မြင်မှုတွေ ပျော်ရွှင်မှုတွေအပေါ် မနာလိုစိတ်ရှိတာက သင့်ကို မပျော်မရွှင်ဖြစ်စေပါတယ်။ မိမိကိုယ်ကို တခြားသူတွေနဲ့ မနှိုင်းယှဉ်ပါနဲ့။ လူတယောက်နဲ့တယောက်ရဲ့ ဘဝ၊ ပတ်ဝန်းကျင်၊ နောက်ခံအင်အား တွေက မတူညီကြပါဘူး။
တခြားသူတွေရဲ့ အောင်မြင်မှုကို မုဒိတာပွားပါ။ သူတို့နဲ့ အတူတူ ပျော်ရွှင်စွာ အောင်ပွဲခံပါ။ သူတို့တွေ ဘယ်လိုနေထိုင် လဲဆိုတာကို သိအောင် ကြိုးစားပါ။
အဆိပ်လို Relationship မျိုးရှိတာ
ကိုယ်ချစ်တဲ့သူနဲ့ လမ်းခွဲဖို့ဆိုတာ ခက်ခဲတဲ့ အလုပ်တစ်ခုပါ။ သင့်အနားမှာ ရှိနေတဲ့သူတွေက သင့်ဘဝမှာ ပျော်ရွှင်မှုတွေ သယ်ဆောင်လာပေးတဲ့သူတွေ ဖြစ်သင့်ပါတယ်။
တကယ်လို့ ကိုယ်ချစ်တဲ့သူက သင့်ကို စိတ်ညစ်စေတယ်၊ မပျော်မရွှင်ဖြစ်စေတယ်ဆိုရင် ဒါက အဆိပ်လို Relationship မျိုးလို့ ပြောလို့ရပါတယ်။ ဒီလိုလူတွေနဲ့ အဆက်အသွယ်လုပ်တာတွေကို ကန့်သတ်ဖို့ကြိုးစားပါ။ သင့်ကို တကယ်ပျော်ရွှင်စေတဲ့ သူတွေအတွက်ပဲ အချိန်ပေးနိုင်အောင် ကြိုးစားပါ။
Social media
Social media ဟာ ၂၁ ရာစုအတွက် ရောဂါတစ်ခုပါပဲ။ ယနေ့ခေတ်လူငယ်တွေဟာ အိပ်ယာနိုးတာနဲ့ ပထမဆုံး ကိုင်လိုက်တာက ဖုန်းပဲဖြစ်နေတတ်ပါတယ်။ သူတို့တွေဟာ ဘယ်သူက ဘယ်လိုပုံတင်ထားလဲ၊ သူတို့တင်ထားတဲ့ ပုံအောက်မှာ ဘယ်သူတွေ မှတ်ချက်ဝင်ရေးကြလဲ အစရှိတာတွေကို စိတ်ဝင်တစား စောင့်ကြည့်တတ်ကြတယ်။ ဒါတွေကြောင့် တကယ်အာရုံစိုက်ရမယ့် အရာတွေအပေါ် အာရုံမစိုက်နိုင် ဖြစ်တတ်ကြတယ်။
ဒါကြောင့် ဖုန်းသုံးစွဲမှုကို လျှော့ချသင့်သလို မိသားစု မိတ်ဆွေအပေါင်းအသင်းတွေကို ပိုပြီးအချိန်ပေးနိုင်အောင် ကြိုးစားသင့်ပါတယ်။
သင့်ဘဝအတွက် တာဝန်ရှိတဲ့သူက သင်ကိုယ်တိုင်ပါပဲ။ ဖြစ်ပျက်သမျှ အရာအားလုံးအတွက် တခြားသူကို အပြစ်တင်ဖို့ မကြိုးစားပါနဲ့။ ပြဿနာတွေကို ရှောင်ကွင်းဖို့ မကြိုးစားပဲနဲ့ ရင်ဆိုင်ဖြေရှင်းပါ။ ဘဝက နေတတ်ရင်ပျော်ဖို့ကောင်းပါတယ်။