ကာတွန်းဇာတ်ကားတွေဟာ ထုတ်လုပ်စရိတ် အလွန်ကြီးမားကြပါတယ်။ Zootopia (၂၀၁၆) နဲ့ Frozen (၂၀၁၃) ဇာတ်ကားတွေကို ထုတ်လုပ်ခဲ့စဉ်က ခန့်မှန်းချေ ကုန်ကျစရိတ် ဒေါ်လာ သန်း ၁၅၀ ခန့်ရှိခဲ့ကြပါတယ်။

ဒါကြောင့်လည်း ရုပ်ရှင်ထုတ်လုပ်တဲ့သူတွေက မအောင်မြင်နိုင်မယ့် ဇာတ်ကားတွေကို ရှောင်ရှားကြပြီးတော့ အောင်မြင်နိုင်တဲ့ ပရိသတ်တွေကို ဆွဲဆောင်နိုင်မယ့် ဇာတ်ကားတွေကိုပဲ ထုတ်လုပ်နေကြတာပါ။

ဒါပေမယ့် တခါတလေ ဇာတ်ကားရိုက်ကူးနေစဉ်အတွင်း အကြောင်းအမျိုးမျိုးကြောင့် ဆက်လတ်မရိုက်ကူးပဲ ရပ်ထားရတဲ့ ဇာတ်ကားတွေလည်းများကြီးရှိခဲ့ကြပါတယ်။

ဒီနေ့ ဆောင်းပါးမှာတော့ Disney ကနေ မထုတ်လုပ်ဖြစ်ခဲ့တဲ့ ပရိသတ်တွေ အကြိုက်တွေ့စေမယ့် ကာတွန်းဇာတ်ကားတွေကို ဖော်ပြပေးသွားမှာပါ။

(၁) Gigantic

ဒီကားက Jack and the Beanstalk ကားတွန်းဇာတ်ကား နဲ့ဆင်တူပါတယ်။ Jack ဆိုတဲ့ လူငယ်လေးအကြောင်းကိုရိုက်ပြထားတာပါ။ Jack ဟာတိမ်တွေ နောက်ကွယ်က ဘီးလူးတိုင်းပြည်ကိုရှာဖွေတွေ့ရှိသွားပြီးတော့ အသက် ၁၁ နှစ်အရွယ် Imma ဆိုတဲ့ ကလေးမလေးနဲ့ သူငယ်ချင်းတွေဖြစ်သွားခဲ့ပါတယ်။

သူတို့နှစ်ယောက်အတူတူပေါင်းပြီးတော့ လူ့ပြည်နဲ့ဘီလူးတိုင်းပြည်နှစ်ခုလုံးကိုပါ အုပ်ချုပ်ဖို့ ကြိုးစားနေတဲ့ ဘီလူးကြီးတွေကို ဟန့်တားဖို့ကြိုးစားတဲ့ အကြောင်း ရိုက်ကူးထားတာပါ။

ဒီကားရဲ့ ဒါရိုက်တာတွေက Tangled ဇာတ်ကားကိုရိုက်ကူးခဲ့တဲ့ Nathan Greno နဲ့ နာမည်ကြီး Inside Out ကိုရိုက်ကူးခဲ့တဲ့ Meg LeFauve တို့ပဲ ဖြစ်ပါတယ်။

ဒီ Gigantic ကာတွန်းဇာတ်ကားကို ၂၀၁၉ ခုနှစ် Frozen II ထွက်ပြီးရင် ပြသဖို့ စီစဉ်ထားတာပါ။

ဒါပေမဲ့ ၂၀၁၇ ခုနှစ်မှာ ဒစ္စနေက Gigantic ဇာတ်ကားထုတ်လုပ်နေတာကို ရပ်ထားလိုက်ပြီလို့ ကြေညာခဲ့ပါတယ်။

(၂) King of the Elves

ဒီကာတွန်းကားကို Phillip K. Dick ရေးထားတဲ့ ပုံပြင်အတိုလေးကို အခြေခံပြီး ရိုက်ကူးဖို့ စီစဉ်ခဲ့တာပါ။ ဇာတ်ညွှန်းအကျဉ်းကတော့ Mississippi Delta ဆိုတဲ့နေရာမှာ နေထိုင်တဲ့ လူတယောက်ဟာ နတ်သူငယ်အဖွဲ့တဖွ့ဲကို ကူညီနေတာပါ။

နတ်သူငယ်လေးတွေကို မှင်စာတွေဆီကနေ လွတ်မြောက်အောင်ကူညီရင်း သူ့ကိုယ်သူ အန္တာရယ်တောထဲ ဝင်မှန်းမသိဝင်မိသွားပြီးတော့ ဘဝ အဓိပ္ပာယ်ကို ရှာဖွေတွေ့ရှိသွားတဲ့ လူတယောက်အကြောင်း ပါ။

ဒီကားကို ၂၀၁၂ မှာ ပြသဖို့စီစဉ်ခဲ့တာပါ။ ဒါပေမဲ့ Frozen ကားနဲ့ တိုက်နေတဲ့အတွက်ကြောင့် ရက်ရွေ့လိုက်ပါသေးတယ်။ နောက်ပိုင်းမှာတော့ ဇတ်ညွှန်း အခတ်အခဲတွေကြောင့် ဇာတ်ကားကို မရိုက်ကူးတော့ပဲ ရပ်ထားခဲ့ရပါတယ်။

(၃) The Seven Dwarfs

၂၀၀၀ ခုနှစ်တွေတုံးက DisneyToon ရုပ်ရှင်ထုတ်လုပ်ရေးက Snow White and the Seven Dwarfs (၁၉၃၇) ဇာတ်ကားရဲ့ နောက်ခံအကြောင်းကို ကိုရိုက်ကူးဖို့ စီစဉ်ခဲ့ပါတယ်။ ဇာတ်ကားရဲ့ နာမည်ကတော့ The Seven Dwarfs ဖြစ်ပြီး လူပုလေး ၇ ယောက် ဘယ်လိုဆုံတွေ့ခဲ့ကြတာလဲ၊ ဘယ်လိုနေထိုင်ခဲ့ကြတာလဲ ဆိုတဲ့ အကြောင်းပါ။

Snow White ရဲ့အဖေဆီကနေ Evil Queen ကဘယ်လို ထီးနန်းရအောင် ယူခဲ့တာလဲဆိုတာတောင် ပါပါသေးတယ်။ ဒါပေမဲ့ Dopey ဆိုတဲ့ လူပုလေး သူ့အမေသေတာကို ကြည့်ပြီး စကားသံပျောက်သွားတဲ့ ဟာ ကလေးတွေ အတွက်မသင့်တော်ဘူးဆိုပြီး ၂၀၀၆ ခုနှစ်မှာ ရိုက်ကူးမှုရပ်ခဲ့ရပါတယ်။

(၄) Newt

ဇတ်လမ်းလေးကတော့ နှစ်ကောင်တည်း ကျန်တော့တဲ့ အပြာရောင် ရေပုတ်သင် အထီးနဲ့အမ အကြောင်းပါ။ သိပ္ပံပညာရှင်တွေက မျိုးတုံးတော့မဲ့ အဆိုပါ ရေပုတ်သင်မျိုးစိတ်ကို ကာကွယ်ဖို့အတွက် သူတို့နှစ်ကောင်ကို တူတူနေဖို့ တွန်းအားပေးခဲ့ကြတယ်။

ဒါပေမဲ့ နှစ်ကောင်စလုံးဟာ တကောင်နဲ့တကောင် လုံးဝ ကြည့်မရပဲနဲ့ တချိန်လုံး ကိုက်နေကြတဲ့ အကြောင်းပါ။ ဒီကားကို ၂၀၁၁ ခုနှစ်မှာ နွေရာသီမှာ ပြသဖို့ လုပ်ခဲ့ပေမဲ့ နောက်ပိုင်းမှာ လုံးဝ ရပ်ထားလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

အကြောင်းအရင်းကိုတော့ သေသေချာချာ မသိရပေမဲ့ ဒစ္စနေက တခြားရုပ်ရှင်တွေကို ပိုပြီး အာရုံစိုက်ဖို့ လိုတာကြောင့်ရယ် ပြီးတော့ အလားတူ ဇာတ်ကားမျိုးဖြစ်တဲ့ Rio (2011) ထွက်ရှိပြီးတာတွေကြောင့်ဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။

(၅) Mort

ဒစ္စနေက Terry Pratchett ရဲ့ဝတ္ထု Mort ကို အခြေခံပြီး ရိုက်ကူးဖို့ စီစဉ်ခဲ့တာပါ။ ဇာတ်လမ်းကတော့ ကောင်လေးတယောက်ကြောင်းပါ။ သေမင်းက သူ့နေရာကို ဆက်ခံဖို့အတွက် ကောင်လေးတယောက်ကို ရွေးချယ်ပြီး သင်ကြားပေးခဲ့ပါတယ်။

သူ့ရဲ့ ပထမဆုံး တာဝန်က မင်းသမီးတယောက်ရဲ့အသက်ကို နူတ်ယူရမှာဖြစ်ပေမဲ့ အဲ့လိုလုပ်မဲ့အစား ချစ်ကျွမ်းဝင်သွားခဲ့ပါတယ်။ သူ့ရဲ့ တာဝန်ကိုမထမ်းဆောင်နိူင်တဲ့အပြင် သဘာဝတရားကိုပါ လွန်ဆန်ခဲ့တာကြောင် သမိုင်းတွေပြောင်းကုန်ပြီး ကမောက်ကမ ဖြစ်ကုန်တဲ့ အကြောင်းပါ။

ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် မရိုက်ကူးဖြစ်ခဲ့ပါဘူး။ သေမင်းကို အဓိက ကာရိုက်တာနေရာမှာထားပြီး ရိုက်ကူးဖို့အတွက် ဒစ္စနေက မလိုလားတာကြောင့်လည်း ဖြစ်မယ်ထင်ပါတယ်။

(၆) Wild Life

Wild Life ကာတွန်းကားကို ၁၉၉၀ နောက်ပိုင်းရိုက်ကူးဖို့ စီစဉ်ခဲ့ပေမဲ့ ၂၀၀၀ ပြည့်နှစ်မှာ ရပ်ဆိုင်းခဲ့ရပါတယ်။ တိရိစ္ဆာန် ရုံထဲက စကားပြောတတ်တဲ့ ဆင်မတကောင်က ကလပ်တခုမှာ ကျော်ကြားတဲ့ ပေါ့ပ် အဆိုတော် ဖြစ်လာပုံကို ရိုက်ကူးမဲ့ ဇာတ်ကားပါ။

ဒါပေမဲ့ ဒီကားဟာ ကလေးတွေအတွက် ရည်းမှန်းထားပေမဲ့ လူကြီးပိုင်း ဟာသတွေပါဝင်တာကြောင့် Roy Disney က ချက်ခြင်းပဲ ရပ်ဆိုင်းခဲ့ပါတယ်။

(၇) Dumbo II

ဒီကားကိုတော့ Dumbo ကားပြသပြီး နောက်နေ့မှာပဲ စတင်ရိုက်ကူးဖို့ လုပ်ခဲ့တာပါ။ ဇာတ်လမ်းကတော့ နယူးယော့ခ်မြို့မှာ လမ်းပျောက်နေတဲ့ တိရိစ္ဆာန်လေးတွေရဲ့ အိမ်ပြန်ဖို့ ကြိုးစားတဲ့အကြောင်းပါ။

ကာရိုက်တာ တကောင်ခြင်းစီရဲ့ ကလေးဘဝအကြောင်းကို ရိုက်ပြမှာဖြစ်ပြီး ဘယ်လိုပြသာနာတွေ ကိုဘယ်လိုတွေ ရင်ဆိုင်ဖြေရှင်းခဲ့ရလဲဆိုတာကို ပြမဲ့ ဇာတ်ကားပါ။

ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ အကြောင်းအမျိုးမျိုးကြောင့် ရိုက်ကူးမဲ့ အစီစဉ်ကို ဖျတ်သိမ်းခဲ့ရပါတယ်။

(၈) Monsters, Inc. 2: Lost in Scaradise

၂၀၀၁ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Monsters Inc ကာတွန်းကာ ရဲ့နောက်ဆက်တွဲ့ ဇာတ်ကား Monsters, Inc. 2: Lost in Scaradise ရိုက်ကူးဖို့ အစကတည်းက စီစဉ်ထားခဲ့တာပါ။

၂၀၁၃ မှာထွက်ရှိခဲ့တဲ့ Monsters University ကိုပြောတာမဟုတ်ပါဘူး။ ဇာတ်ညွှန်းရေးဆရာက Monsters Inc ထွက်ပြီးတနှစ်အကြာမှာ စတင်ရေးသားခဲ့ပါတယ်။

ဇာတ်လမ်းလေးကတော့ Mike နဲ့ Sully က Boo ရဲ့မွေးနေ့မှာ လက်ဆောင်ပေးဖို့အတွက် လူသားတွေရဲ့ ကမ္ဘာထဲ ကိုဝင်လာခဲ့ပါတယ်။ ဒါပေမဲ့ Boo ကိုမတွေ့ပဲ အမျိုးသမီးကြီးတဦးကို သာတွေ့ခဲ့ရပါတယ်။ နောက်ပိုင်းမှာသိလိုက်ရတာက Boo ရဲ့မိသားစုဟာ အိမ်ပြောင်းသွားခဲ့တာပါ။

အဲ့ဒီမှာ Mike နဲ့ Sully ဟာသဘောထားခြင်းကွဲလွဲ ခဲ့ပြီး လမ်းခွဲကာ သူတို့ရဲ့အချစ်တော် Boo ကိုရှာပုံတော် ဖွင့်ပါတော့တယ်။ ဒါပေမဲ့ Monsters, Inc ရဲ့ prequel ဖြစ်တဲ့ Monsters University ကိုပဲ ရိုက်ကူးဖြစ်ခဲ့ပြီး Monsters, Inc. 2: Lost in Scaradise ကိုတော့ ရပ်ထားခဲ့ပါတယ်။