လွယ်လွယ်ကူကူ ဝယ်ယူနိုင်တဲ့ ရှားစောင်းလက်ပတ်မှာ ဆေးဖက်ဝင်အကျိုးကျေးဇူးများစွာပါရှိပြီး ကျန်းမာရေးအတွက်သာမက အလှအပအတွက်အကျိုးကျေးဇူးများစွာပေးစွမ်းနိုင်ပါတယ်။

မိန်းကလေးများအတွက်သာမက ယောကျာ်းများအတွက်ပါ အသုံးဝင်တဲ့ ရှားစောင်းလက်ပတ်က ဈေးနှုန်းချိုသာတဲ့အပြင် ဈေးကွက်ထဲမှာလည်း လွယ်လွယ်ကူကူဝယ်ယူနိုင်ပါတယ်။

ရှားစောင်းလက်ပတ်က ပေးစွမ်းနိုင်တဲ့ အကျိုးကျေးဇူးများကတော့…

အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းမှ ကာကွယ်ပေးခြင်း

ပါးရေတွန့်ခြင်း၊ နဖူးပေါ်တွင် အရေးအကြောင်းထခြင်းများက အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းက ရှေ့ပြေးလက္ခဏာများပဲဖြစ်ပါတယ်။ ထိုအရေးအကြောင်းများကို ရှားစောင်းလက်ပတ်အသုံးပြုကာ ဖျောက်ဖျက်နိုင်ပါတယ်။

ရှားစောင်းလက်ပတ်မှာ ဗီတာမင်အေ၊ ဗီတာမင်အီးနှင့် Antioxidants များ ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် အသားအရေကို တင်းရင်းလှပစေပါတယ်။

နေလောင်ဒဏ်မှ ကာကွယ်ပေးခြင်း

ရှားစောင်းလက်ပတ်က အသားအရေကို အစိုဓာတ်ဖြည့်တင်းပေးနိုင်ပါတယ်။ နေလောင်ဒဏ်ကြောင့် အသားအရေ ပျက်စီးခြင်းမှ ကာကွယ်ပေးနိုင်ပါသေးတယ်။ ဘာ့ကြောင့်လဲဆိုတော့ ရှားစောင်းလက်ပတ်မှာ အသားအရေကို အနာကျက်မြန်စေအောင် ကူညီပေးနိုင်လို့ပဲဖြစ်ပါတယ်။

ဆံပင်ပျော့ဆေးအဖြစ် အသုံးပြုနိုင်ခြင်း

ရှားစောင်းလက်ပတ်ထဲမှာ ပါဝင်တဲ့ အင်ဇိုင်းဓာတ်က ဆဲလ်သေများကို ဖယ်ရှားပေးပြီး ဆဲလ်အသစ်များ ပြန်လည်ပွားများလာအောင် ကူညီပေးပါတယ်။ ဒါ့ကြောင့် ပျက်စီးနေတဲ့ဆံပင်ကိုလည်း ပြန်လည်နူးညံ့ပျော့ပျောင်းစေပါတယ်။

ရှားစောင်းလက်ပတ်ကို ဆံပင်ပျော့ဆေးအဖြစ် အသုံးပြုပါက သင့်ဆံကေသာကို ကျန်းမာသန်စွမ်းစေပြီး ပိုးသားလေးလို နူးညံ့တောက်ပြောင်စေပါလိမ့်မယ်။

ဗောက်များကို ဖယ်ရှားပေးခြင်း

ဦးရေပြား ယားယံခြင်း၊ ဗောက်ထခြင်းကို သက်သာစေဖို့အတွက် ရှားစောင်းလက်ပတ်ကို အသုံးပြုနိုင်ပါတယ်။ ရှားစောင်းလက်ပတ်က ဆဲလ်သေများကို ဖယ်ရှားရာမှ အစွမ်းထွက်တဲ့အပြင် ဆံပင်မွှေးညှင်းပေါက်လေးများကိုလည်း သွေးလှည့်ပတ်မှုကောင်းအောင် ကူညီပေးပါတယ်။

ခံတွင်းရနံ့ သင်းပျံ့စေခြင်း

ခံတွင်ရနံ့ကို မွှေးပျံ့စေတဲ့နေရာမှာ ရှားစောင်းလက်ပတ်က သွားတိုက်ဆေးများကဲ့သို့ပင် အစွမ်းထက်ပါတယ်။ ရှားစောင်းလက်ပတ်သည် ခံတွင်းထဲရှိ အနာများကို ကုသပေးပြီး သွားဖုံးကို အစိုဓာတ် ထိန်းညှိပေးထားနိုင်ပါတယ်။

သွားဖုံးရောင်ရမ်းခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ ခံတွင်းထဲရှိ ရောဂါပိုးမွှားများကိုလည်း သေစေပြီး ခံတွင်းရနံ့ သင်းပျံ့စေပါတယ်။