ဗီတာမင်စီဓာတ် ကြွယ်ဝတဲ့ သံပုယိုသီး သည် ခန္ဓာကိုယ်ရှိအဆီပိုများကို ချေဖျက်ပေးနိုင်ရုံသာမကဘဲ အစာချေစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။ မနက်အိပ်ရာနိုးလာတဲ့အချိန်မှာ သံပုယိုရည်နွေးနွေးလေးတစ်ခွက် သောက်သုံးပေးခြင်းသည် ဝိတ်ချချင်တဲ့သူများအတွက် များစွာအထောက်အကူပြုပေးနိုင်ပါတယ်။

သံပုယိုသီးကို ဝိတ်ချဖို့အတွက်တင်မကပါဘူး။ အခြားသောနည်းလမ်းများဖြင့်လည်း ဘက်စုံအသုံးပြုနိုင်ပါသေးတယ်။

သွားများ ဖြူဖွေးဝင်းပချင်သူများအတွက်

သံပုယိုသီးကို အရည်ညှစ်ပြီးနောက် မုန့်ဖုတ်ဆိုဒါဖြင့် သမအောင် ရောမွှေလိုက်ပါ။ ထို့နောက် ရရှိလာတဲ့အနှစ်ကို သွားပေါ် ပွတ်တိုက်ပေးလိုက်ပါ။ ပြီးရင်တော့ သွားပွတ်တံဖြင့် သွားတိုက်ပါ။ တစ်နေ့ တစ်ကြိမ်ခန့် ပုံမှန်ပြုလုပ်ပေးပါက သွားများ ဖြူဖွေးဝင်းပလာပါလိမ့်မယ်။

ဒူးခေါင်းနှင့် တံတောင်ဆစ်များ ဖြူဖွေးလာချင်သူများအတွက်

သံပုယိုသီးကို တံတောင်ဆစ်နှင့် ဒူးခေါင်းများပေါ်တွင် ပွတ်တိုက်ပေးလိုက်ပါ။ ထိုကဲ့သို့ ပွတ်တိုက်ပေးခြင်းအားဖြင့် သင့်တံတောင်ဆစ်နှင့် ဒူးဆစ်များ ပြန်လည်ဖြူဝင်းလာပါလိမ့်မယ်။

နှုတ်ခမ်းများကို နူးညံ့စေခြင်း

ညအိပ်ရာဝင်တဲ့အခါ နှုတ်ခမ်းပေါ်တွင် သံပုယိုရည် လိမ်းကျံပေးကာ အိပ်ရာဝင်လိုက်ပါ။ မနက်နိုးလာမှ ရေဆေးချလိုက်ပါ။ ညစဉ်ညတိုင်းပြုလုပ်ပေးပါက နှုတ်ခမ်းပေါ်ရှိ ဆဲလ်သေများကို ဖယ်ရှားပေးပြီး သင့်နှုတ်ခမ်းသားလေးကို နူးညံ့စိုပြေစေပါလိမ့်မယ်။

ဆံကေသာ နူးညံ့ချင်သူများအတွက်

ဦးရေပြားနှင့် ဆံကေသာပေါ်တွင် သံပုယိုရည် သုတ်လိမ်းခြင်းက ဆံကေသာကို အရောင်တောက်ပစေပြီး ဦးရေပြားခြောက်ခြင်း၊ ဗောက်ထခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဆံကေသာကို ပိုးသားလေးလို နူးညံ့ချင်သူများလည်း အသုံးပြုနိုင်ပါတယ်။

ကိုယ်အလေးချိန် ကျချင်သူများအတွက်

အစားလျော့စားပြီး ဝိတ်ချသူများအနေနဲ့ သံပုယိုရည်ပါ သောက်သုံးပေးမယ်ဆိုရင်တော့ ဝိတ်အမြန်ကျစေပါတယ်။ ဒါ့အပြင် သံပုယိုရည်သည် သင့်ခန္ဓာကိုယ်ကို ရေဓာတ်ပြည့်ဝစေတာကြောင့် မကြာခဏ ဗိုက်ဆာခြင်း၊ အစား အလွန်အကျွံ စားသုံးမိခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။