မင်္ဂလာပါနော်။ အထပ်ကေလေးတွေညှပ်နေကျ ပျိုမေတို့ရှိကြလား။ အခုနောက်ပိုင်းမှာ ဆံပင်ကို တုံးတိတိညှပ်တာထက် Layered Haircut လို့ခေါ်တဲ့ အထပ်လေးကေတွေက တစ်မျိုးဆန်းပြီး ခေတ်စားလာပါတယ်နော်။ အထပ်ကေမှာလည်း ညှပ်စရာ ပုံစံမျိုးစုံရှိတာမို့ ကိုယ့်မျက်နှာကျလေးနဲ့လိုက်မယ့် စတိုင်လေးရွေးညှပ်ပေးတာက မျက်နှာလေးကိုပါ ပိုကြည့်ကောင်းစေမှာပါ။ များသောအားဖြင့် အထပ်ကေက ဘဲဥပုံမျက်နှာရှိသူတွေ၊ လေးထောင့်ပုံ၊ အသည်းပုံနဲ့ မျက်နှာဝိုင်းတဲ့သူတွေနဲ့ လိုက်ဖက်ပါတယ်။

Photo Source: belletag.com

သင်က ဒီလိုမျက်နှာကျမျိုးရှိတယ်ဆိုရင် ဒီဆောင်းပါးကတစ်ဆင့် ကိုယ်နဲ့လိုက်ဖက်မယ့် စတိုင်လေး ရွေးချယ်နိုင်မှာဖြစ်လို့ စိတ်ဝင်စားတယ်ဆိုရင် ကြည့်လိုက်ရအောင်နော်-

ဘဲဥပုံမျက်နှာရှိသူတွေ

မျက်နှာဘေးကိုဝိုင်းပြီး မေးစေ့နည်းနည်းချွန်တဲ့ ဘဲဥပုံ မျက်နှာပိုင်ရှင်တွေက မျက်နှာလေးကို ခပ်ဝိုက်ဝိုက်လေး မေးစေ့အောက်နားအရှည်လောက် တစ်ထပ်ညှပ်ထားတဲ့ စတိုင်မျိုးနဲ့လိုက်ဖက်ပါတယ်။ ဒီလိုလေးက သင့်မျက်နှာကို အရမ်းမရှည်တော့သလို မြင်ရမှာပါ။


လေးထောင့်ကျတဲ့မျက်နှာပိုင်ရှင်တွေ

လေးထောင့်မျက်နှာရှိသူတွေက မျက်နှာဘေးကနေ အပြင်ကိုလှန်ထားသလို အထပ်ကေမျိုးနဲ့ အဆင်ပြေပါတယ်နော်။ Bob ကေပုံစံမျိုးကိုမှ မျက်နှာဘေးမှာ အထပ်ပါးပါးလေးတွေထည့်ပေးတာက လေးထောင့်မျက်နှာကျတွေနဲ့ အလိုက်ဖက်ဆုံးဖြစ်မှာပါ။ အောက်မှာပြထားတဲ့ ပုံစံလေးတွေကို နမူနာယူနိုင်ပါတယ်။


မျက်နှာဝိုင်းတဲ့သူတွေ

မျက်နှာဝိုင်းတဲ့သူတွေအနေနဲ့ Curtain Bang ပုံစံ မျက်နှာဘေးမှာ ခပ်ရှည်ရှည် အထပ်လေးဝိုက်ပြီး ညှပ်ပေးတာမျိုးက မျက်နှာကျကို ပိုရှည်ပြီးသွယ်သွားသလို မြင်ရစေမှာပါနော်။ ဒါ့အပြင်မျက်နှာဘေးကို မညီမညာလေး ဝဲကျနေတဲ့ အထပ်ပုံစံလေးကလည်း ပါးဖောင်းတာမသိသာချင်တဲ့သူတွေအတွက် အဆင်ပြေပါတယ်။ ကိုယ့်ရဲ့ဆံပင်အထူ၊ အပါးပေါ်မူတည်ပြီး ဘေးအထပ်အတို၊ အရှည်ကို အဆင်ပြေသလို ရွေးညှပ်တာ ပိုကောင်းပါတယ်နော်။


ပါးဖောင်းပြီး မေးချွန်တဲ့ အသည်းပုံ မျက်နှာပိုင်ရှင်တွေ

အသည်းပုံမျက်နှာကျပိုင်ရှင်တွေက မျက်နှာအုပ်တဲ့ အထပ်ပုံစံထက် ဘေးကိုလှန်သွားတဲ့ကေမျိုးနဲ့ ပိုလိုက်ပါတယ်။ ဆံပင်ထူတဲ့သူတွေဆိုရင် အထပ်ထပ် ဖြာထွက်နေတဲ့ စတိုင်မျိုးနဲ့ပိုလိုက်ဖက်ပြီး အနည်းငယ်ပါးတဲ့သူတွေကတော့ မျက်နှာဘေးက အထပ်ကို မေးစေ့အောက်ထိ ခပ်ရှည်ရှည်ထားတာမျိုးက သင့်မျက်နှာကို ပုံကျစေပြီး ဆံပင်အုံထူသွားသလိုပါ မြင်ရမှာပါ။

Photo Source: Pinterest

By MyStyle Myanmar