လူတွေရဲ့ စရိုက်ကို သရုပ်ခွဲမယ်ဆိုရင် အတွင်းစွဲစိတ်ဓါတ် ပိုင်ရှင် Introvert နဲ့ အပြင်စွဲ စိတ်ဓါတ်ပိုင်ရှင် Extrovert ဆိုပြီး နှစ်မျိုးခွဲလို့ ရပါတယ်။ လူတစ်ယောက်ဟာ မပွင့်မလင်းနဲ့ ခပ်လျှိုလျှိုနေတတ်တယ်ဆိုရင် သူ့ကို အတွင်းစွဲသမားတွေလို့ ခေါ်ကြပြီး ဆိုရှယ်ကျကျ ချက်ချက်ချာချာ စကားဆိုတတ်ပြီး မိတ်ဆွေဖြစ်ဖို့ လွယ်သူကို အပြင်စွဲသမားလို့ ပြောကြပါတယ်။

“ကျွန်တော်တို့က အတူတူပါပဲ။ ဒါပေမယ့် ကွဲပြားတယ်” ဆိုတဲ့ စကားအတိုင်း Extrovert နဲ့ Introvert သမားတွေဟာ လူချင်းအတူတူ မတူကွဲပြားတဲ့ စရိုက်လက္ခဏာတွေ ရှိပါတယ်။ ပေါင်းသင်းဆက်ဆံမှုမှာ Introvert တွေဟာ သီးခြားနေချင်ကြပါတယ်။ သူတို့ရဲ့ ရင်းနှီးတဲ့ လူတစ်စုက လွဲရင် တစ်ခြားဘယ်သူနဲ့မှ အရောတဝင်မနေတတ်သူတွေပါ။

Photo: HelloGiggles

Extrovert တွေကတော့ ဘယ်သူနဲ့မဆို သူစိမ်းသူကျက်မရွေး စကားပြောပြီး ရောရောနှောနှောနေနိုင်ပါတယ်။ သူတို့ဟာ ပွင့်လင်းဖော်ရွေသူတွေ ဖြစ်ပြီး ကိုယ့်ကိုယ်ကို သိပ်ချုပ်တည်းထားခြင်း မရှိပါဘူး။ Introvert တွေဟာ စကားတစ်ခွန်းကို မပြောခင်မှာ စဉ်းစားတတ်ပြီး Extrovert တွေကတော့ ပြောစရာရှိတာ ချန်မထားဘဲ ပြောချတတ်သူတွေ ဖြစ်ပါတယ်။

တစ်ယောက်တည်း အထီးကျန်နေချိန်မှာ Extrovert တွေ သေမတတ်ပျင်းပြီး ဘာလုပ်ရမှန်း မသိဖြစ်နေချိန်မှာ Introvert တွေက အဲ့ဒီလိုနေရတာကိုပဲ သဘောတွေ့နေတတ်ပါတယ်။ Introvert တစ်ယောက်ဟာ အတွင်းလှည့်ထားတဲ့ စိတ်နဲ့ နေထိုင်ပြီး Extrovert ကတော့ ပြင်ပပတ်ဝန်းကျင်ကို ဗဟိုပြုတဲ့ စိတ်နဲ့ နေထိုင်သူတွေ ဖြစ်ပါတယ်။

မိတ်ဆွေအပေါင်းအသင်းအနေနဲ့ Introvert သမားတွေမှာ ခပ်ရှားရှား ဖြစ်နေတတ်ပြီး Extrovert သမားတွေမှာတော့ ပေါမှပေါ ဖြစ်တတ်ပါတယ်။ အပြောင်းအလဲတစ်ခုကို အလွယ်တကူ လက်မခံဘဲ ရှေးဆန်တတ်တာက Introvert တွေပါ။ Extrovert တွေကတော့ အပြောင်းအလဲတွေအကြား အလွယ်ကလေး အသားကျသွားတတ်သူတွေ ဖြစ်ပါတယ်။

Photo: Healthline

Extroverts တွေဟာ ဘယ်သူနဲ့မဆို ပွင့်ပွင့်လင်းလင်း ဆက်ဆံတတ်ပေမယ့် Introverts တွေကတော့ သူတို့နဲ့ သိတဲ့ ၊ သူတို့ယုံရတဲ့ သူတွေနဲ့ပဲ ပွင့်ပွင့်လင်းလင်း ဆက်ဆံတတ်ကြပါတယ်။ အာရုံစူးစိုက်မှုအပိုင်းမှာလည်း Introvert တွေဟာ ရေရှည်အတွက် နက်နက်နဲနဲ အာရုံစိုက်နိုင်ပေမယ့် Extrovert တွေကတော့ အလွယ်ကလေးပဲ မေ့သွားတတ်ပါတယ်။

ခြုံပြီး ပြောမယ်ဆိုရင် Introvert သမားတွေဟာ စကားနည်းပြီး သူတစ်ပါးအသံကို ပိုနားထောင်တတ်ကြပေမယ့် Extrovert တွေကတော့ စကားပြောရတာ ဝါသနာ ပါပြီး လူမှုရေးဘက်မှာ အားသန်ကြပါတယ်။

https://youtu.be/addN_sfDS5Q?t=60