အသားအရေ ကြည်လင်တာမျိုးကို အမျိုးသမီးတိုင်း တပ်မက်လိုချင်ကြပါတယ်။ ဘာမှလိမ်းစရာမလိုဘဲ လှနေအောင် အသားအရေလေး ကြည်လင်နေဖို့အရေးကြီးပါတယ်။

အသားအရေကြည်လင်စိုပြေဖို့ဆိုရင်တော့ စာဖတ်သူတို့အနေနဲ့ အာဟာရ ညီညွှတ်မျှတစွာစားပေးဖို့လိုအပ်ပါတယ်။ ဗီတာမင်တွေ သတ္တုဓါတ်တွေပါတဲ့အစားအစာတွေကို ညီညွှတ်မျှတအောင်စားပေးမယ်ဆိုရင်လည်း အသားအရေအတွက် များစွာကောင်းမွန်ပါတယ်။

ရေများများသောက်ပေးတာ အိပ်ချိန်ပုံမှန်လေးအိပ် ပုံမှန်လေးထပေးတာဟာလည်း အသားအရေအတွက် ကောင်းမွန်ပါတယ်။ ဒါ့အပြင် ကိုယ်နဲ့တည့်တဲ့ အဆင်ပြေတဲ့ အလှကုန်ပစ္စည်းတွေကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။

အသားအရေကြည်လင်စေဖို့ သဘာဝနည်းလမ်းလေးတွေနဲ့လည်း ပေါင်းတင်ပေးနိုင်ပါတယ်။ အခုနည်းလမ်းလေးကို မျှဝေပေးသွားပါမယ်။

ပါဝင်ပစ္စည်း

နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

သံပုယိုရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း (သံပုရာရည်လည်းသုံးနိုင်ပါတယ်။)

ပြုလုပ်နည်း

ပါဝင်ပစ္စည်းနှစ်မျိုးကို သေချာရောလိုက်ပါ။ ပြီးရင် မျက်နှာပေါ်မှာလိမ်းပေးပြီး ၁၅ မိနစ် (သို့) ခြောက်အောင်ထားပါ။ ပြီးရင် ရေအေးအေးနဲ့ဆေးချလိုက်ပါ။

အခုလို လုပ်ပေးပြီးရင် နာရီဝက် တစ်နာရီအတွင်း နေပူထဲမထွက်ပါနဲ့နော်။ ညအိပ်ယာမဝင်ခင် လုပ်ပေးတာ အကောင်းဆုံးပါပဲ။