အခုခေတ်မှာ အားလုံးသိကြတဲ့အတိုင်း အလုပ်တွေကရှုပ်၊ အင်တာနက်တွေသုံးတာများပြီး ညဘက်ဆို Screen Timesတွေများပြီး အိပ်ရေး၀၀လင်လင် အိပ်တဲ့သူတွေဆိုတာ ရှားလာပါတယ်။ တစ်နေ့လုံး လှုပ်ရှားထားသမျှကို အိပ်တဲ့အခါမှ အနားယူရတာကြောင့် ကောင်းမွန်စွာအိပ်စက်နိုင်ဖို့ကလည်း တကယ့်ကိုအရေးကြီးပါတယ်။ အကယ်လို့ အိပ်ရေး၀၀ မအိပ်တာများလာရင် ကျန်းမာရေးဆိုကျိုးတွေ အများကြီး ခံစားရလာနိုင်ပါတယ်။

ကဲ…ညဘက်တွေမှာ ကောင်းမွန်စွာ လုံလုံလောက်လောက် မအိပ်စက်ခြင်းကြောင့် ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကို ပြောပြပေးလိုက်ရပါတယ်။

ဒေါသထွက်လွယ် စိတ်ကတောက်ကဆ ဖြစ်မှုများလာခြင်း

အိပ်တဲ့အချိန်ကျမှ ခန္ဓာကိုယ်က ပြန်လည်ပြုပြင်ကြတာဖြစ်ပါတယ်။ တစ်နေ့လုံး စိတ်ဖိစီးမှုကြောင့် ကြွက်သားတွေ တင်းနေတတ်တာကြောင့် အိပ်တဲ့အချိန်ကျမှ ခန္ဓာကိုယ်က ပြန်လည်ပြင်ဆင်ပေးကြတာပါ။

ဒါကြောင့် ကောင်းမွန်စွာ အိပ်စက်အနားယူမှုမရှိရင် စိတ်ဖိစီးမှုပိုများပြီး ဒေါသထွက်လွယ်၊ စိတ်ကတောက်ကဆဖြစ်တာတွေ များလာပါလိမ့်မယ်။ အိပ်ရေး၀၀ မအိပ်စက်နိုင်ရင် ခန္ဓာကိုယ်က Adrenaline ဓာတ်ကို ထုတ်လွှတ်တာကြောင့် ဒီဓာတ်က စိတ်တိုလွယ်၊ ဒေါသဖြစ်လွယ်ပြီး စိတ်ကတောက်ကဆ ဖြစ်လွယ်တတ်ပါတယ်။

ဒါကြောင့် တတ်နိုင်သမျှ လုံလောက်စွာ ကောင်းကောင်းမွန်မွန် အိပ်စက်ပေးသင့်ပါတယ်။

စိတ်ဓာတ်ကျခြင်း

ကောင်းမွန်စွာ အိပ်စက်အနားယူခြင်းမရှိရင် စိတ်ဓာတ်ကျခြင်းကိုလည်း ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် စိတ်ဓာတ်ကျနေတဲ့အချိန်တိုင်းမှာ တစ်နေ့ကို ဘယ်နှစ်နာရီလောက် ကောင်းကောင်း အိပ်ဖြစ်နေလဲဆိုတာကို ပြန်တွေးကြည့်ဖို့ လိုအပ်ပါတယ်။

အာရုံစိုက်ဖို့ ခက်ခဲခြင်း

အိပ်စက်တာဟာ ကိုယ့်အတွေးအခေါ်တွေနဲ့ လေ့လာမှုတွေကို တိုက်ရိုက်ထိခိုက်နေတယ်ဆိုတာ မသိကြတာများပါတယ်။ အကယ်လို့ တစ်နေ့ကို အနည်းဆုံး ၇ နာရီလောက် မအိပ်ဘူးဆိုရင် အာရုံစူးစိုက်မှု၊ တက်ကြွဖြတ်လပ်မှု တွေကို အများကြီး ထိခိုက်ပါတယ်။ ဒါကြောင့် လေ့လာတဲ့နေရာမှာ နှေးသွားနိုင်ပါတယ်။

ဒါကြောင့် အိပ်ရေး၀၀လင်လင် မအိပ်ရင် ကိုယ်လေ့လာတဲ့အကြောင်းအရာတွေကို မှတ်မိဖို့ ခဲယဉ်းပါတယ်။

အဝလွန်ခြင်း နဲ့ သွေးဖိအား

ညဘက်အိပ်တာနောက်ကျတဲ့အခါမှာ ဗိုက်ဆာတတ်ပါတယ်။ မအိပ်ရင် ဗိုက်ဆာစေတဲ့ Ghrelin ဟော်မှုန်းထုတ်လုပ်မှု မြင့်တက်ပြီး ဗိုက်ပြည့်စေတဲ့ Leptin ဟော်မှုန်း ထုတ်လုပ်မှု လျော့ကျသွားပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်မြင့်တက်ခြင်းနဲ့ အဝလွန်ခြင်းတို့ ဖြစ်လာပါတယ်။

ကောင်းမွန်စွာ မအိပ်တဲ့သူကလည်း ပင်ပန်းနေတာကြောင့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းကို လုပ်ဆောင်နိုင်မှာမဟုတ်ပါဘူး။ အချိုဓာတ်ပါတဲ့ အစားအစာတွေကို ပိုစားချင်တဲ့စိတ်ဖြစ်လာပါတယ်။ တစ်နေ့မှ ၅ နာရီကနေ ၆နာရီလောက်ဘဲ အိပ်မယ်ဆိုရင် သွေးပေါင်ချိန် တက်လာနိုင်ပါတယ်နော်။