တစ်နေကုန် အလုပ်၊ ကျောင်း စတဲ့ အကြောင်းအမျိုးမျိုးကြောင့် ပင်ပန်းပြီး အိမ်ပြန်ရောက်တဲ့အခါမှာတော့ အချိန်သပ်သပ်ပေးပြီး မိတ်ကပ်ဖျက်ဖို့က တော်တော်လေးကို ဆုံးဖြတ်ရခက်တဲ့ အလုပ်တစ်ခုပါ။ Makeup Remover သုံးပြီး မိတ်ကပ်ဖျက်ရမယ် ပြီးရင် Cleanser နဲ့ မျက်နှာသစ်ရအုံးမှာ စုံနေတာပါပဲနော်။ ဒီလိုမျိုး အလုပ်ရှုပ်တာကို သက်သာချင်တဲ့သူတွေအဖို့တော့ လွယ်လင့်တကူ Makeup Wipes တွေသုံးပြီး မိတ်ကပ်ဖျက်တတ်ကြပါတယ်။

အခုလိုမျိုး Makeup Wipes အသုံးပြုခြင်းက အချိန်ကုန်သက်သာတယ် ဆိုပေမယ့်လည်း တကယ်တမ်း ကျန်းမာရေးရှုထောင့်က ပြန်ကြည့်မယ်ဆိုရင်တော့ Makeup Wipes တွေကို နေ့စဥ်ရက်ဆက်ဆိုသလို အသုံးပြုမယ်ဆိုရင်တော့ သင့်အသားအရေကို တော်တော်လေး ထိခိုက်လာစေနိုင်ပါတယ်။

ဘယ်လိုမျိုး ပြဿနာတွေကို နောက်ဆက်တွဲ ကြုံလာရမလဲဆိုတာ အခုပဲ ဆက်ကြည့်လိုက်ရအောင်နော်။

၁။ မျက်နှာအသားအရေ ခြောက်သွေ့စေခြင်း

Wet wipes တွေမှာက အရက်ပျံပါဝင်တာမို့ သူ့ကိုသုံးပြီး မိတ်ကပ်ဖျက်လိုက်တဲ့အခါ အသားအရေရဲ့ သဘာဝအဆီတွေပါ တခါတည်း ပါသွားပါတယ်။ အဲ့ကနေမှ အစိုဓာတ်လျော့နည်းလာပြီဆိုရင် အသားအရေက ခြောက်သွေ့လာပါလိမ့်မယ်။

နောက်ပြီးတော့ Wet wipes တွေက မျက်နှာပေါ်က မိတ်ကပ်တွေ ကုန်စင်အောင် မသန့်စင်ပေးနိုင်လို့ Moisturizer လိမ်းတဲ့အခါ အသားအရေက ကောင်းကောင်းစုပ်ယူနိုင်မှာ မဟုတ်ပါဘူး။

၂။ ဓာတ်မတည့်မှုတွေ ဖြစ်လာနိုင်ခြင်း

Wet wipes တွေ အသုံးပြုတဲ့အခါ ဓာတ်မတည့်ဘူးဆိုရင် မျက်နှာအသားအရေက နီရဲလာပါလိမ့်မယ်။ အကယ်လို့ သင်က Wet wipes သုံးရမှ ဖြစ်မယ့်အခြေအနေတွေရှိတယ်ဆိုရင် Wet wipes တွေမဝယ်ခင် တံဆိပ်နဲ့ ပါဝင်ပစ္စည်းတွေကို သေချာစစ်ဆေးပြီးမှ ဝယ်ဖို့ အကြံပြုချင်ပါတယ်။

၃။ ချွေးပေါက်တွေပိတ်ပြီး ဝက်ခြံတွေထွက်ခြင်း

အထက်မှာ ပြောပြခဲ့သလိုပဲ လူတွေက မျက်နှာပေါ်က ဖုန်မှုန့်တွေ၊ အညစ်အကြေးတွေ၊ မိတ်ကပ်တွေ စတာတွေကို ဖယ်ရှားသန့်စင်ဖို့အတွက် Wet wipes တွေကို အသုံးပြုကြပါတယ်။ ဒါပေမယ့် Wet wipes တွေက သေချာပြောင်စင်အောင် မသန့်စင်ပေးနိုင်လို့ အကြွင်းအကျန်လေးတွေ ကျန်နေခဲ့ရာကနေမှ ချွေးပေါက်တွေပိတ်ပြီး ဝက်ခြံတွေ ဖြစ်လာနိုင်ပါတယ်။

၄။ ကင်ဆာဖြစ်စေနိုင်ခြင်း

Wet wipes တွေမှာက ဓာတုပစ္စည်းတွေနဲ့ ကြာရှည်ခံပစ္စည်းတွေ ထည့်သွင်းပြုလုပ်ထားတာကြောင့် အသားအရေအတွက်ကတော့ ဘယ်လိုမှ မကောင်းနိုင်ပါဘူး။ Parabens လိုမျိုး ဓာတ်ပစ္စည်းတွေက ရင်သားကင်ဆာကို ဖြစ်ပွားစေနိုင်ပါတယ်။

၅။ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်လာစေခြင်း

အလှအပ၊ Skincare တို့နဲ့ပတ်သက်ပြီး နာမည်ကြီး ဆရာဝန်တစ်ယောက်ရဲ့ ပြောကြားချက်အရ Makeup Wipes တွေဟာ သင့်ကို အရွယ်မတိုင်သေးဘဲနဲ့ အိုမင်းရင့်ရော်တဲ့အသွင် ပေါက်လာစေနိုင်ပါတယ်။ Makeup Wipes တွေသုံးတဲ့အခါ မျက်နှာပေါ်မှာ ပွတ်ဆွဲပြီးအသုံးပြုရတာမို့ အသားအရေက ပျော့တွဲလျော့ရဲလာပြီး ထိုကနေမှ အရေးအကြောင်းတွေ ဖြစ်စေနိုင်ပါတယ်။

Source: BrightSide