စိတ်ခံစားချက်ဟာ သင့်ရဲ့ နိစ္စဒူဝ လှုပ်ရှားဆောင်ရွက်မှုတွေနဲ့ တိုက်ရိုက်ဆက်စပ်မှု ရှိပါတယ်။ ကိုယ့်ရဲ့ တစ်နေ့တာ အလေ့အကျင့်လေးတွေပေါ် လိုက်ပြီး စိတ်ခံစားချက် အတက်အကျ ဖြစ်ကြတာပါ။

စိတ်ဓါတ်ကျနေတယ်လို့ ခံစားရပြီဆိုရင် ကိုယ့်ရဲ့ နေ့စဉ်အကျင့်တွေကိုလည်း ဂရုစိုက်သင့်ပါတယ်။ ဘယ်လို နေ့စဉ် အလေ့အကျင့်လေးတွေကို ဂရုတစိုက်ရှောင်ကြဉ်ရမလဲဆိုတာ ကြည့်လိုက်ရအောင်ပါ။

(၁) ကိုယ့် Lifestyle ကို ဂရုမစိုက်ခြင်း

Depression ဝင်စေတဲ့ အကြောင်းရင်းလေးတွေက သေးသေးလေးကနေ စပုံပြီး ဖြစ်သွားတတ်ပါတယ်။ အားကစားမလုပ်ဖြစ်ဘူး ၊ အိပ်ရာထ နောက်ကျတယ် ၊ အရက်တွေသောက်တယ် ၊ အာဟာရဖြစ်အောင် မစားဘူး။

Hot Dog လို အသင့်စား တာရှည်ခံစားသောက်ကုန်တွေပဲ စားနေမိတယ်။ စတဲ့ စတဲ့ အကြောင်းရင်းတွေက စိတ်ဓါတ်ကျဆင်းမှုကို ပိုဆိုးစေနိုင်ပါတယ်။

(၂) တစ်ယောက်တည်း အနေများခြင်း

တစ်ခါတလေမှာ ရှုပ်ထွေးဖိစီးနေတဲ့ ပတ်ဝန်းကျင်ကနေ ခွာပြီး တစ်ယောက်တည်း ဧကစာ နေတဲ့အကျင့် လုပ်ပေးသင့်ပါတယ်။ ဒါပေမဲ့လည်း လူတွေသူတွေနဲ့ အဆက်အသွယ်ဖြတ်ပြီး တစ်ယောက်တည်း နေတာ များလာရင်လည်း စိတ်ထိခိုက်ခံစားမှု ပိုပြီး ဆိုးရွားလာနိုင်ပါတယ်။

(၃) လူမှုကွန်ရက်တွေပေါ်မှာ အလုပ်များနေခြင်း

ကြည့်လိုက်ရင် ၂၄/၇ စမတ်ဖုန်းတွေ ၊ Laptops ၊ တီဗွီ နဲ့ Streaming Services တွေနဲ့ပဲ အချိန်ပြည့် ဖြစ်နေရင် Depression ပိုဆိုးလာနိုင်ပါတယ်။ မီဒီယာတွေမှာ အချိန်များများ ကုန်လေလေ စိတ်ခံစားမှု Mood အရည်အသွေး ကျဆင်းလာတတ်ပါတယ်။

Media ပေါ်မှာ ဗဟုကိစ္စ Multitasking လုပ်တဲ့ အချိန်အနည်းအများပေါ်လိုက်ပြီး လူတစ်ယောက်စိတ်ခံစားချက် တက်/ကျ ဖြစ်လာနိုင်ပါတယ်။

(၄) အဆိုးမြင်သူတွေနဲ့ ပေါင်းသင်းခြင်း

ကိုယ့်ပတ်ဝန်းကျင်က လူတွေက ကိုယ့်အပေါ် လွှမ်းမိုးမှု ရှိပါတယ်။ ကောင်းတဲ့သူတွေနဲ့ အတူနေရင် စိတ်ကောင်းစေတနာကောင်း ဝင်တတ်ပြီး အဆိုးမြင်သူတွေနဲ့ နေရင် ဘဝကို စိတ်ပျက်စရာကြီးအဖြစ် အမြင်စောင်းနိုင်ပါတယ်။ ကိုယ့်အပေါင်းအသင်းတွေကို သေချာရွေးချယ်ပါ။

(၅) Green Time လုံလုံလောက်လောက် မရခြင်း

လူတစ်ယောက်ဟာ အခန်းထဲချည်း အမြဲတမ်း အချိန်ကုန်နေရင် ကြာလေလေ စိတ်ခံစားချက်တွေ ဖောက်ပြန်ပျက်စီးလာနိုင်ပါတယ်။ သဘာဝပတ်ဝန်းကျင်က လှုပ်ရှားသွားလာမှုတွေ ၊ တောစိမ်းစိမ်း တောင်စိမ်းစိမ်းနဲ့ လောကဓါတ်တစ်ခွင်ကို မမြင်ရရင် စိတ်ဖိစီးမှု ပိုများပြီး Depression အပါအဝင် စိတ်ကျန်းမာရေးထိခိုက်တဲ့အဖြစ်တွေ ကြုံလာနိုင်ပါတယ်။ ဒါကြောင့် အခန်းထဲပဲ အောင်းမနေပါနဲ့။ အပြင်လောကထဲ လမ်းလျှောက်ထွက်ပါ။