အာဟာရပြည့်ဝတဲ့အစားအစာတွေ ၊ ပုံမှန်ကိုယ်လက်လေ့ကျင့်ခန်းတွေနဲ့ အထူးစီစဉ်ထားတဲ့ ဝိတ်ချနည်း Plan တွေ လိုက်နာရုံနဲ့ ဝိတ်ကျသွားဖို့ မလုံလောက်သေးပါဘူး။

ကိုယ့်ရဲ့ နေ့စဉ်လုပ်ရိုးလုပ်စဉ် အလေ့အကျင့်လေးတွေကလည်း ဝိတ်ကျဖို့အတွက် အရေးပါတဲ့ အထောက်အကူတွေပါပဲ။

နိစ္စဒူဝလုပ်နေမိတဲ့ အရာလေးတွေကို သတိမထားမိလို့ အားကြိုးမာန်တက် ဝိတ်ချခဲ့တာတွေ အလကားဖြစ်မသွားရအောင် ရှောင်သင့်တာလေးတွေ ပြောပြချင်ပါတယ်။

(၁) ထောပတ်သီး အစားများခြင်း

ထောပတ်သီးလို့ ပြောလိုက်ရင် ကျန်းမာရေးအတွက် အကောင်းဆုံးအသီးတစ်မျိုးလို့ အားလုံးသိပြီးသားပါ။ ထောပတ်သီးမှာ ဓါတ်တိုးဆန့်ကျင်နိုင်စွမ်းတွေနဲ့ ခန္ဓာကိုယ်အတွက် အရေးပါတဲ့ အာဟာရဓါတ်တွေနဲ့ သတ္ထုဓါတ်တွေ ပါဝင်ပါတယ်။

ကျန်းမာရေးလိုက်စားတဲ့သူတွေဟာ ထောပတ်သီးကို ကြက်ဥတွေနဲ့ ခေါက်ပြီး Smoothies လုပ်သောက်တတ်ကြပါတယ်။ ကယ်လိုရီတွက်ချက်ပြီး စားတာ မဟုတ်တော့ ဆေးအစား ဘေးဖြစ်ပြီး ဝိတ်ပိုတက်စေနိုင်ပါတယ်။ ကျန်းမာရေးနဲ့အညီ ဝိတ်ကျဖို့အတွက်ဆို တစ်ရက်ကို ထောပတ်သီး တစ်ခြမ်းပဲ စားပေးသင့်ပါတယ်။

(၂) နေ့လည်စာ မစားခြင်း

တချို့လူတွေက နေ့လည်စာရှောင်ရင် ဝိတ်အမြန်ကျတယ်လို့ ယူဆကြပါတယ်။ တချို့ကျတော့လည်း အလုပ်များလွန်းလို့ကို နေ့လည်စာ မစားဖြစ်ကြတာပါ။ ဘာပဲဖြစ်ဖြစ် အစားအသောက်ကို စားချိန်မမှန်ရင် ၊ စားသောက်တဲ့ ပမာဏ မမျှတရင် လူဟာ ပင်ပန်းနွမ်းနယ်လွယ်ပြီး စိတ်ဖိစီးလာနိုင်ပါတယ်။

ကြာလာရင် အစားအသောက်ပိုပြီး စားချင်စိတ်လွန်ကဲလာပြီး ကျန်းမာရေးနဲ့ မညီတဲ့ အစားအသောက်တွေ ပိုစားသုံးတာမျိုး ဖြစ်လာနိုင်ရာကနေ အဆီတက်လာနိုင်ပါတယ်။ အစားအသောက်မှာ နောက်ထပ် သတိထားစရာက Zero Sugar ဆိုပြီး သကြားအစားထိုးတွေ သုံးခြင်းပါပဲ။

ခဏတစ်ပန်းတော့ ကယ်လိုရီကျပြီး ကိုယ်ရည်စစ်သွားနိုင်ပေမယ့် ရေရှည်မှာ ဆီးချိုသွေးချိုနဲ့ အဝလွန်တဲ့ ရောဂါတွေ ဖြစ်လာတတ်ပါတယ်။ ပိုဆိုးတာက အစာစားချင်စိတ်ကို လွှမ်းမိုးလာပြီး အချိုတွေ ပိုစားချင်လာနိုင်တာကြောင့် Zero Sugar သတိထားဖို့လည်း ပြောချင်ပါတယ်။

(၃) အသားကပ် Jeans ဝတ်လွန်းခြင်း

Skinny Jeans တွေ ဝတ်လိုက်ရင် သွယ်သယောင် ထင်စေနိုင်တယ်ဆိုပြီး ဝတ်တဲ့သူတွေ ရှိကြပါတယ်။ တကယ်တော့ Skinny Jeans တွေက ကိုယ့်ရဲ့ တင်ပါးဆုံ ၊ ခါးနဲ့ ပေါင်ခွတွေကို ဖိညှစ်ထားသလို ဖြစ်ရာကနေ ကြွက်သားတွေရဲ့ အလုပ်လုပ်ဆောင်မှုပါ ထိခိုက်စေနိုင်ပါတယ်။

ရေရှည်မှာ ကြွက်သားတွေ ပျော့တွဲတွဲကြီး ဖြစ်လာတတ်ပါတယ်။ ဒီလို မဖြစ်ဖို့ ပေါ့ပါးချောင်ချိအောင် ဝတ်ပါ။ Skinny Jeans တွေ ဝတ်ပြီးရင်လည်း ခြေကျင်းဝတ်နဲ့ ခြေထောက်တစ်ဝိုက်ကို ပုံမှန်နှိပ်ပေးဖို့ လိုပါတယ်။

(၄) Almond Milk သောက်ခြင်း

အပင်ထွက်နို့အစားထိုး သောက်စရာတွေသောက်ပြီး ဝိတ်ချတယ်ဆိုတာလည်း အကောင်းဆုံးအကြံဉာဏ်တော့ မဟုတ်ပါဘူး။ နို့ထွက်ပစ္စည်းတွေ သောက်ခြင်းဟာ ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေးနိုင်ပြီး ကယ်လ်ဆီယမ်ကြောင့် ဝိတ်ကျအောင် အထောက်အကူပြုတယ်ဆိုပေမယ့် ကျန်းမာရေးနဲ့ညီညွတ်ပြီး မျှတတဲ့ Diet နဲ့ တွဲစားမှ ထိရောက်တာ ဖြစ်ပါတယ်။

ဒီလိုပါပဲ။ ဝိတ်ချဖို့အတွက် Carbs နဲ့ အဆီတွေ လုံးဝကြီး ရှောင်စရာတော့လည်း မလိုပါဘူး။ ပရိုတိန်းအတွက်နဲ့ တခြားအဟာရဓါတ်တွေကို လုံးလုံး ရှောင်ကြဉ်တာက နှလုံးထိနိုင်ပါတယ်။ ကိုယ်ခံအားစနစ်လည်း အားနည်းပြီး ဗိုက်တာမင်ချို့တဲ့တာမျိုး ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် လုံလောက်တဲ့ Carbs နဲ့ ကျန်းမာတဲ့ အဆီစားသုံးမှု မရှီရင်လည်း Diet မညီမျှမှု ဖြစ်ပြီး ဝိတ်တက်လာစေနိုင်ပါတယ်။

(၅) လေ့ကျင့်ခန်း အလွန်အကျွံလုပ်ခြင်း

ပုံမှန် ကိုယ်လက်လှုပ်ရှားအားကစားလုပ်တာဟာ ကိုယ်ရည်စစ်ပြီး ကျစ်လျစ်အောင် ကူညီပေးနိုင်တဲ့အပြင် စိတ်ဖိစီးမှု Level လည်း ကျဆင်းစေနိုင်ပါတယ်။ ဒါပေမယ့်လည်း အားကစားလုပ်တာ များလွန်းရင် ပြောင်းပြန်သက်ရောက်မှု ဖြစ်ပြီး ဝိတ်တက် ၊ အဆီစုလာပြီး Cortisol Level ပါ မြင့်လာနိုင်ပါတယ်။ ကျွမ်းကျင်သူတွေရဲ့ အကြံပြုချက်ကတော့ တစ်ပတ်ကို မပြင်းထန်လွန်းတဲ့ ကိုယ်လက်လှုပ်ရှားမှု မိနစ် ၁၅၀ ခန့် လုပ်ပေးဖို့ ဖြစ်ပါတယ်။

Image Source: Brightside