နေ့စဉ်ဘဝထဲမှာ အသားအရေကို ဆိုးဆိုးရွားရွားပျက်စီးစေနိုင်တဲ့ အရာတွေ အစားအသောက်တွေ မှားယွင်းတဲ့လူနေမှုပုံစံတွေ များစွာရှိနေပါတယ်။ တစ်ခါတစ်လေမှာ သင်ကိုယ်တိုင်တောင် သတိမထားမိပဲလုပ်မိတဲ့ အလေ့အထအမှားတွေကလည်း သင့်ရဲ့အသားအရေကို ဆိုးရွားစွာထိခိုက်ပျက်စီးစေနိုင်ပါတယ်။

ဝက်ခြံညှစ်ခြင်း

ဝက်ခြံမြင်ရင် မနေနိုင်မထိုင်နိုင်ညှစ်မိတဲ့ အလေ့အကျင့်မျိုး တော်တော်များများမှာရှိပါတယ်။ တကယ်တော့ ဝက်ခြံတွေကို ညှစ်လိုက်မယ်ဆိုရင် အရေပြားအတွင်းကို အညစ်အကြေး နဲ့ ဘက်တီးရီယားပိုးမွှားတွေ ပိုမိုဝင်ရောက်လာစေနိုင်ပြီး အသားအရေကို ယခင်ကထက် ပျက်စီးသွားစေနိုင်ပါတယ်။

ရေသောက်နည်းခြင်း

ရေဓာတ်က ခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့ ဓာတ်တစ်မျိုးဖြစ်တာကြောင့် နေ့စဉ်လုံလောက်တဲ့ ရေဓာတ်ပမာဏကိုဖြည့်တင်းပေးဖို့ လိုအပ်ပါတယ်။ တနေ့တာအတွက်လုံလောက်တဲ့ ရေဓာတ်ပမာဏကို သောက်ပေးခြင်းက အိုးမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးရုံသာမက အရေပြားကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။

အကယ်၍ ရေဓာတ်လုံလုံလောက်လောက် မဖြည့်တင်းဘူးဆိုရင်တော့ အသားအရေမွဲခြောက်ခြင်း အရေးအကြောင်းများဖြစ်ခြင်း စတဲ့အရေပြားဆိုင်ရာ ပြဿနာများ ကြုံတွေ့ရနိုင်ပါတယ်။

မသန့်ရှင်းတဲ့လက်ကိုင်ဖုန်းဖြင့် ဖုန်းပြောခြင်း

လက်ကိုင်ဖုန်းတွေရဲ့မျက်နှာပြင်မှာ မမြင်နိုင်တဲ့ ဖုန် အညစ်အကြေးများနှင့် ဘက်တီးရီယားပိုးမွှားတွေများစွာ ကပ်ညှိနေတက်ပါတယ်။ သင့်အနေနဲ့ ဖုန်းပြောတဲ့အခါ အဆိုပါသန့်ရှင်းမှုမရှိတဲ့ ဖုန်းမျက်နှာပြင်နဲ့ မျက်နှာကိုတိုက်ရိုက်ထိတွေ့စေတာကြောင့် မျက်နှာအသားအရေပျက်စီးလာစေနိုင်ပါတယ်။

အဲကွန်းအသုံးပြုမှုများခြင်း

အဲကွန်ခန်းထဲမှာ အနေများသူတွေဟာ ခန္ဓာကိုယ် ရေဓာတ်ခမ်းခြောက်ခြင်း အသားအရေအစိုဓာတ်ခမ်းခြောက်ခြင်းများ ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့ အဲကွန်းခန်းထဲမှာအနေများတယ်ဆိုရင် မကြာခဏရေသောက်ပေးမျိုးပြုလုပ်ပေးသင့်ပါတယ်။ အဲကွန်း အအေးဓာတ်ကိုလည်း အတက်နိုင်ဆုံးလျော့ထားပေးဖို့ လိုပါလိမ့်မယ်။

လှုပ်ရှားမှုနည်းခြင်း

ကိုယ်လက်လှုပ်ရှားမှုနည်းခြင်းက အသားအရေပျက်စီးခြင်းနှင့် ဆက်စပ်မှုရှိနေပါတယ်။ ခန္ဓာကိုယ်ဟာ လှုပ်ရှားမှုရှိမှသာ သွေးလည်ပတ်မှုပိုမိုကောင်းမွန်ပြီး နုပျိုတဲ့အသွင်ကိုဆောင်စေမှာပါ။

လှုပ်လှုပ်ရှားရှား လေ့ကျင့်ခန်းတစ်ခုခုလုပ်တဲ့အခါ ချွေးထွက်စေပြီး ချွေးနဲ့အတူ ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေနဲ့ အရေပြားပေါ်ကဆဲလ်သေများကို ဖယ်ရှားပေးကာ ကျန်းမာသောအရေပြားဆဲလ်အသစ်များကို ပြန်လည်မွေးဖွားပေးပါတယ်။

ခေါင်းအုံးညစ်ပတ်ခြင်း

ညအိပ်ချိန်မှာ အရေပြားဟာ ဆဲလ်အသေတွေကို စွန့်ထုတ်တဲ့ လုပ်ငန်းစဉ်ကိုလုပ်လေ့ရှိပါတယ်။ အဆိုပါဆဲလ်အသေတွေဟာ သင့်ရဲ့မျက်နှာနဲ့အနီးကပ်ရှိတဲ့ ခေါင်းအုံးတွေပေါ်မှာ တင်ကျန်နေလေ့ရှိပါတယ်။

ခေါင်းအုံးတွေ ခေါင်းအုံးစွပ်တွေကို လျော်ဖွတ်သန့်စင်ပေးခြင်းမရှိရင် အရေပြားဆဲလ်အသေတွေနဲ့ ဘက်တီးရီးယားတွေပေါင်းစပ်ပြီး သင့်မျက်နှာအသားအရေကို ပျက်စီးလာစေနိုင်ပါတယ်။