ဆံပင်ဆိုတာ အမျိုးသမီးတို့အတွက်တော့ ဒုတိယမျက်နှာမို့ လှပဆွဲဆောင်မှုရှိတဲ့ ဆံကေသာကို ပိုင်ဆိုင်ချင်ကြပါတယ်။ ဒါကြောင့်လည်း ဆံပင်ပါးကပ်ကပ်ဖြစ်တာဟာ အလှအပကြိုက်တဲ့ မိန်းကတွေအတွက်တော့ စိတ်ရှုပ်စရာတစ်ခုပါပဲ။

ဆံပင်ပါးကပ်ကပ်ဖြစ်တာဟာ မျိုးရိုးဗီဇကြောင့်လည်းဖြစ်နိုင်သလို တချို့ကတော့ ခေါင်းလျှော်တဲ့ အကြိမ်အရေအတွက် နည်းပါးတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ တစ်ပတ်တစ်ခါလျှော်တာမျိုးကို ဆိုလိုတာပါ။ အဲဒီလို ခေါင်းလျှော်တဲ့အရေအတွက် နည်းပါးတာကြောင့် ဆံပင်ပါးကပ်ကပ် ဖြစ်လေ့ရှိ ပါတယ်။ အဲဒါကြောင့် တချို့ဆိုရင် ဆံပင်ကို တစ်ညလုံး ကျစ်ဆံမြီးကျစ်ထားတာ၊ ဆံပင်ကောက်တာ၊ ဆံပင်ကိုလေမှုတ်စက်နဲ့ ခြောက်အောင်မှုတ်တာ မျိုးလုပ်ကြပါတယ်။ ဒါပေမယ့်လည်း နာရီအနည်းငယ်သာခံပြီး နောက်ပိုင်းမှာ ဆံကေသာကို ခြောက်သွေ့ ကြမ်းတမ်းစေပါတယ်။

ဒါ့ကြောင့်ဆံပင်အုံထူချင်တဲ့ စာဖတ်သူတို့အတွက် ဆံပင်အုံထူစေမယ့် နေ့စဉ်အလေ့အကျင့်တွေကို မျှဝေပေးချင်ပါတယ်။

၁။ ဆံပင်ခွဲတဲ့ပုံ ပြောင်းပါ

စာဖတ်သူဟာ ဆံပင်ဘယ်ခွဲပဲ အမြဲထားထားရင် ညာဖက်ကိုပြောင်းခွဲလိုက်ပါ။ အဲဒီလိုလုပ်ပေးတာဟာ သင့်ရဲ့ ဆံပင်ပုံစံကို အမြင်တမျိုးဆန်းစေပြီး သင့်ဆံကေသာကို ပိုပြီး အုံထူသလိုထင်ရစေမှာပါ။

၂။ သင့်တော်တဲ့အပူချိန်အတွင်း ဆံပင်ကို အပေါ်အောက်မှုတ်ပါ

ဒီနေ့ခေတ်မှာ အမျိုးသမီးတိုင်း ဆံပင်လေမှုတ်စက်တွေသုံးနေကြပြီဆိုတော့ လေမှုတ်စက်မသုံးနဲ့ဆိုရင် အဆင်ပြေမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် ဆံပင်ကို လေမှုတ်တဲ့အခါ ခေါးကို အောက်ဖက်ငိုက်ချလိုက်ပြီး ဆံပင်ကို နောက်ဖက်ကအနေ စပြီး လေမှုတ်ပေးရမှာဖြစ်ပါတယ်။ဒါပေမယ့် အပူချိန်အရမ်းမမြင့်ဘဲ သင့်တော်တဲ့အပူချိန်နဲ့ သုံးရမှာပါ။

၃။ ဓာတုပစ္စည်းမသုံးပါနဲ့

ဆံပင်ဖြောင့်ခြင်း၊ ဆေးဆိုးခြင်း စတဲ့ ဓာတုပစ္စည်းတွေအသုံးပြုပြီး ဆံပင်ပုံသွင်းတာကို ရှောင်ပေးတာအကောင်းဆုံးပါပဲ။ အဲဒီလိုလုပ်တာဟာ သင့်ဆံကေသာကို ကြမ်းတမ်းပျက်စီးစေပြီး ဆံပင်ပါးလွှာစေပါတယ်။

၄။ စိတ်ဖိစီးမှုကိုလျှော့ချပါ

စိတ်ဖိစီးမှုဟာ သင့်ရဲ့ ဦးရေပြားအတွင်း ပိုပြီးအဆီပြန်စေသလို၊ ခေါင်းယားတာမျိုးဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် ဆံပင်ကျွတ်တာတွေထိဖြစ်နိုင်လို့ ဆံပင်ကိုပိုပြီး ပါးကပ်ကပ်ဖြစ်စေပါတယ်။ ဒါ့ကြောင့် စိတ်ဖိစီးမှုကိုလျှော့ချဖို့အတွက် နေ့စဉ်လေ့ကျင့်ခန်းလုပ်တာ (သို့) ယောဂလေ့ကျင့်ခန်းလုပ်တာမျိုး လုပ်ပေးနိုင်ပါတယ်။

၅။ အာဟာရဓာတ်ညီညွှတ်မျှတအောင်စားပါ

အာဟာရဓာတ်ညီညွှတ်မျှတအောင်စားပေးဖို့ သိပ်ကိုအရေးကြီးပါတယ်။ ဗီတာမင် B, C နဲ့ သတ္တုဓာတ်တွေကိုစားပါ။ အဲဒီအစားအစာတွေဟာ သင့်ဆံပင်အမြစ်လေးတွေကို သန်မာစေပါတယ်။ ဒါ့အပြင်တစ်နေ့ကို ရေအနည်းဆုံး ၈ ခွက်သောက်ပါ။

၆။ ဆံပင်အုံထူစေတဲ့ ခေါင်းလျှော်ရည်ကိုသုံးပါ

ဆံပင်အုံထူစေဖို့အတွက် အဓိကထုတ်လုပ်ထားတဲ့ ခေါင်းလျှော်ရည်ကိုသုံးပေးပါ။ ဆံပင်ထူစေတဲ့ခေါင်းလျှော်ရည်ဟာ သင့်ရဲ့ ပါးကပ်ကပ်ဖြစ်နေတဲ့ ဆံကေသာကို အပြည့်အဝအားဖြည့်ပေးတာကြောင့် ပုံမှန်ထက် ဆံပင်အုံထူစေပါတယ်။