ဆံသားပျက်စီးနေတာကို ဒီတိုင်းထားရင် တစ်နေ့ထက်တစ်နေ့ပိုပိုဆိုးလာပြီး ဆံပင်တွေကျွတ်ကာ ပါးလာတာမျိုးတွေ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ပြန်လည်ကောင်းမွန်အောင် လုပ်ပေးသင့်ပါတယ်။ အများကြီးမလုပ်နိုင်ရင်တောင်မှ နေ့တိုင်းအလွယ်တကူ ဆင်ခြင်ပေးလို့ရနေတဲ့အရာတွေ၊ လုပ်ဆောင်ပေးလို့ရနေတာတွေလောက်တော့ လုပ်ပေးသင့်ပါတယ်။ ဒီလိုပျက်စီးနေတဲ့ဆံသားတွေ ပြန်လည်ကောင်းမွန်လာချင်တဲ့သူတိုင်းအတွက် နေ့စဉ်ပုံမှန်လုပ်ပေးရမယ့် daily habit တွေ ရှိပါတယ်။

ဆံပင်အဖျားတွေပုံမှန်ညှပ်ပါ

ဆံပင်ကပျက်စီးပြီဆိုရင် အဖျားနှစ်ခွဖြစ်တာတွေ၊ အဖျားတွေကျိုးကြေပျက်စီးတာတွေ ပိုဖြစ်ပါတယ်။ ဒါတွေကို မညှပ်ပဲထားလိုက်ရင် ပျက်စီးနေတာတွေက ပိုဆိုးလာပြီး ဆံပင်အဖျားရှူးတာတွေ ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် တစ်လတစ်ခါလောက်တော့ ဆံပင်အဖျားတွေကို ပုံမှန်ညှပ်ပေးသင့်ပါတယ်။

Hair Oil မှန်မှန်လိမ်းပါ

ဆံပင်တွေခြောက်သွေ့ပြီး ဖွာနေတာ၊ ရှုပ်ထွေးနေတာတွေက hair oil သေချာလိမ်းပေးရုံနဲ့တင် သက်သာစေပါတယ်။ ဒါကြောင့် ပျက်စီးနေတဲ့ဆံသားတွေ ပြန်လည်ကောင်းမွန်လာချင်တဲ့သူတိုင်း လုပ်ပေးရမယ့် daily habit တွေထဲမှာတော့ hair oil မှန်မှန်လိမ်းပေးဖို့က မပါမဖြစ်ပဲနော်။

ခေါင်းခဏခဏမလျှော်ပါနဲ့

နေ့တိုင်းခေါင်းလျှော်တာ၊ တစ်ရက်ခြားတစ်ခါ၊ နှစ်ရက်ခြားတစ်ခါ လျှော်နေတာတွေက ဆံသားအတွက်လိုအပ်တဲ့ အဆီဓာတ်တွေ ဆုံးရှုံးပြီး ဆံသားခြောက်သွေ့စေပါတယ်။ ဆံပင်ကျွတ်ပြီး ပျက်စီးစေပါတယ်။ ဒါကြောင့် ခေါင်းခဏခဏမလျှော်ပါနဲ့။

Shampoo နဲ့ Conditioner ကို သေချာရွေးသုံးပါ

ကိုယ့် hair type နဲ့ကိုက်ညီတဲ့ shampoo ကောင်းကောင်းကို ရွေးသုံးပါ။ ခေါင်းလျှော်ပြီးတိုင်းမှာလည်း conditioner ကောင်းကောင်းသုံးပေးပါ။ ဒါဆိုရင်တော့ ပျက်စီးနေတဲ့ဆံသားတောင် ပြန်လည်ကောင်းမွန်လာမှာပါ။

ဆံပင်ကိုကြမ်းကြမ်းတမ်းတမ်းမကိုင်တွယ်ပါနဲ့

ဆံသားပြန်လည်ကောင်းမွန်လာချင်တယ်ဆိုရင်တော့ ဆံပင်ရေစိုနေချိန်မှာ ခေါင်းဖြီးတာမျိုး၊ ဆံပင်ရှုပ်နေတာကို ဖြေးဖြေးချင်းစီမရှင်းပဲ အားနဲ့ကြမ်းကြမ်းတမ်းတမ်း ဖြီးတာမျိုး၊ ဆံသားနာအောင်လုပ်တာမျိုးတွေကို ရှောင်ရပါမယ်။

ခေါင်းအုံးစွပ်ပြောင်းပါ

ဆံသားပျက်စီးနေတာ ပြန်လည်ကောင်းမွန်လာဖို့ဆိုရင် ခေါင်းဦးစွပ်ကိုလည်း ပြောင်းသုံးလိုက်ပါ။ ရိုးရိုးချည်သား ခေါင်းဦးစွပ်တွေမသုံးတော့ပဲ ပိုးသားခေါင်းအုံးစွပ်ကို ပြောင်းသုံးပါ။ ဆံပင်ငြိတာ၊ ကျိုးကြေတာ၊ ဆံပင်ပြတ်ထွက်တာ၊ ဆံပင်ကျွတ်တာတွေ သက်သာစေပြီး ဆံသားကျန်းမာစေပါတယ်။