မင်္ဂလာပါ ပျိုမေတို့ရေ။ အဝတ်အစားဝတ်ဆင်ရာမှာ ဖက်ရှင်ကျဖို့ကလည်း အရေးကြီးတဲ့အချက်တစ်ချက်ပဲဖြစ်ပါတယ်။

အဝတ်အစားဖြစ်ရင် ပြီးရောဆိုပြီး ဖြစ်သလို ဝတ်ဆင်လိုက်မယ်ဆိုရင် ဖက်ရှင်ကျတဲ့သူတစ်ယောက် ဘယ်လိုလုပ်ဖြစ်နိုင်တော့မှာလဲ။

အဝတ်အစား ဝတ်တဲ့အခါ အဝတ်အစားအရောင်ကရော အရေးကြီးတယ်လို့ရော ထင်ပါသလား။ ဘယ်လိုအရောင်တွေကို ဦးစားပေးရွေးချယ်ဝတ်ဆင်ဖြစ်လေ့ရှိကြပါသလဲ။

များသောအားဖြင့် လူတွေက မိမိကြိုက်နှစ်သက်တဲ့ အရောင်တစ်မျိုးတည်းကိုပဲ တစိုက်မတ်မတ် ဝတ်ဆင်လေ့ရှိကြပါတယ်။ အသစ်အဆန်းအရောင်တွေဆိုရင် ကိုယ့်အသားအရောင်နဲ့ မလိုက်ဖက်မှာစိုးတာကြောင့် စွန့်စားရမှာကို မကြိုက်ကြပါဘူး။

အဲ့ဒီလို အဝတ်အစားအရောင် ချေးများတဲ့သူတို့အနေနဲ့ အခုဖော်ပြပေးမယ့်အရောင်လေးတွေကိုရော ကြိုက်နှစ်သက်ကြပါ့မလားဆိုတာ ဆက်ကြည့်လိုက်ရအောင်။

ဒီအရောင်လေးတွေက လက်ရှိမှာ ခေတ်စားနေတဲ့ အရောင်လေးတွေပဲဖြစ်ပါတယ်။

ခရင်မ်အရောင်/ ထုံးခြောက်ရောင် အဝတ်အစားများ

ဒီအရောင်ကတော့ ဘယ်အသားအရောင် ပိုင်ရှင်မျိုးနဲ့မဆို လိုက်ဖက်မှုရှိပါတယ်။

အစိမ်းရောင်

အစိမ်းရောင်ဆိုတဲ့နေရာမှာ အစိမ်းရောင်နုတွေထက် အစိမ်းပုတ်ရောင်၊ အစိမ်းရင့်ရောင်၊ စစ်စိမ်းရောင်လေးတွေက လူကြိုက်ပိုများပါတယ်။ ကျောင်းတုန်းက အဖြူ အစိမ်းတွဲဝတ်ကြတာဆိုတော့ အစိမ်းနဲ့ လိုက်မယ့်အရောင်ကို ခေါင်းရှုပ်ခံစဉ်းစားမနေပါနဲ့တော့။

အဖြူရောင်နဲ့သာ တွဲဝတ်လိုက်ပါ။ အစိမ်းရောင်ကတော့ အသားဖြူသူ၊ အသားလတ်သူတွေနဲ့ လိုက်ဖက်တဲ့အရောင်ပဲဖြစ်ပါတယ်။

ဝိုင်နီရောင်

ဝိုင်နီရောင်ကတော့ ဝတ်ဆင်ထားသူကို ရင့်ကျက်သွားစေတဲ့ အသွင်ဆောင်တဲ့ အရောင်ပဲဖြစ်ပါတယ်။ အရေးကြီးပွဲတွေ တက်ရတဲ့အခါ လူကြီးလူကောင်းပိုဆန်ချင်တယ်ဆိုရင် ဝိုင်နီရောင်လေးသာ ရွေးချယ်လိုက်ပါ။

အရောင်ဖျော့

အရောင် စူးစူးတောက်တောက်ကြီးတွေ မကြိုက်ဘူးဆိုရင် အရောင်ဖျော့အဝတ်အစားတွေက နံပါတ် ၁ ဦးစားပေးအနေနဲ့ ရွေးချယ်ဝတ်ဆင်ပေးလိုက်ပါ။

အညိုရောင်

အညိုရောင်ကလည်း သင့်ကို ရင့်ကျက်တည်ငြိမ်သွားစေတဲ့ အရောင်ပါပဲ။ အညိုရောင်နဲ့ လိုက်ဖက်တဲ့အရောင်တွေကတော့ ထုံးခြောက်ရောင်၊ ခရင်မ်အရောင်၊ သနပ်ခါးရောင်နဲ့ အနက်ရောင်တို့ပဲဖြစ်ပါတယ်။

အနက်ရောင်ကတော့ အရောင်အားလုံးနဲ့ လိုက်ဖက်တဲ့ ဘုံအရောင်ဖြစ်တာကြောင့် အဝတ်အစားရွေးချယ်ရာမှာ ခေါင်းရှုပ်မခံချင်ဘူးဆိုရင်တော့ ဘောင်းဘီအနက်ရောင်နဲ့သာ တွဲဝတ်ပေးလိုက်ပါ။