ထောပတ်သီးမှာ Fatty Acid နဲ့ Antioxidant ပါဝင်လို့ ကျန်းမာရေးအတွက်ရော အလှပအတွက်ပါ အကျိုးကျေးဇူးရှိပါတယ်။ ဗီတာမင်နဲ့ သတ္တုဓါတ်တွေအပြင် အမျှင်ဓါတ်လည်းပါဝင်လို့ ရောဂါအမျိုးမျိုးကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ထောပတ်သီးကို အလှအပအတွက်ရော ဘယ်လိုအသုံးပြုမလဲဆိုတာ မျှဝေပေးပါမယ်။

၁။ သဘာ၀ ပေါင်းဆေး

ထောပတ်သီးမှာ Fatty Acid နဲ့ ဗီတာမင်ဓါတ်တွေပါဝင်ပြီး ဦးရေပြားကို အဟာရဖြည့်ပေးတာကြောင့် ဆံကေသာကို တောက်ပြောင်သန်စွမ်းစေပါတယ်။

ပါဝင်ပစ္စည်း

ထောပတ်သီးမှည့် ၁ လုံး

သံလွင်ဆီစားပွဲတင်ဇွန်း ၁ ဇွန်း

ပါဝင်ပစ္စည်းနှစ်မျိုးလုံးကို သေချာရောလိုက်ပြီး ဆံပင်အခြောက်ပေါ်မှာ လိမ်းပေးကာ ဦးရေပြားကိုလည်း ညှင်သာစွာနှိပ်နယ်ပေးပါ။ ပြီးရင် မိနစ် ၂၀ လောက်ထားပြီး ခေါင်းလျှော်ချပါ။ တစ်ပတ်ကို ၃ ကြိမ်လုပ်ပေးပါ။

၂။ မျက်နှာပေါင်းတင်မယ်

အိုမင်းရင့်ရော်မှုကို ကြိုတင်ကာကွယ်ဖို့အတွက် ထောပတ်သီးနဲ့ မျက်နှာပေါင်းတင်လို့ရပါတယ်။

ပါဝင်ပစ္စည်း

ထောပတ်သီးမှည့် ၁ လုံး

ဗာဒံဆီ (သို့) သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း (အသားအရေခြောက်ရင်တော့ သံပုရာသီး ၁ လုံးသုံးပါ)

ထောပတ်သီးကို လိုအပ်သလောက်သာထည့်လိုက်ပါ။ ပါဝင်ပစ္စည်းနှစ်မျိုးကို သေချာရောလိုက်ပြီး မျက်နှာပေါ်လိမ်းပေးပါ။ မျက်နှာပေါ်မှာ မိနစ် ၃၀ကနေ ၄၅ မိနစ်ထိထားပေးပြီး ရေအေးအေးနဲ့ ဆေးချပါ။ တစ်ပတ်ကို ၃ ကြိမ်လုပ်ပေးပါ။

၃။ မျက်ကွင်းညိုတာနဲ့ မျက်လုံးမို့တာသက်သာဖို့

အိပ်ရေးပျက်လို့ဘဲဖြစ်ဖြစ် အကြောင်းအမျိုးမျိုးကြောင့် မျက်ကွင်းညိုတာ မျက်လုံးအစ်တာ မို့တာမျိုးဖြစ်နေရင် ထောပတ်သီးကို သုံးနိုင်တယ်နော်။

ပါဝင်ပစ္စည်း

ထောပတ်သီး တစ်ခြမ်း

သခွားသီး တစ်ခြမ်း

ပါဝင်ပစ္စည်းနှဏ်မျိုးကို ရောပြီး ကျိတ်လိုက်ပါ။ ပြီးရင် မျက်လုံးနားတစ်ဝိုက်မှာလိမ်းပေးပြီး မိနစ် ၂၀ လေောက်ထားပါ။ အဲဒီနောက် ရေအေးအေးနဲ့ဆေးချပါ။ မနက်တိုင်းလုပ်ပေးပါ။ မျက်နှာတစ်ခုလုံးကိုလည်း လိမ်းပေးနိုင်ပါတယ်။