ဘယ်အရာမဆို သံသယစိတ်လွန်ကဲရင်လည်းမကောင်းသလို၊ ယုံကြည်မှုလွန်ကဲရင်လည်း မကောင်းပါဘူး။ ယုံကြည်မှုလွန်ကဲပြီးမှ သစ္စာဖောက်ခံရရင် ကိုယ်ပဲနာကျင်ရမှာပါ။ ဒါကြောင့် လူတစ်ယောက်အပေါ်မှာ ယုံကြည်မှုတွေမလွန်ကဲမိအောင် ကိုယ့်ကိုယ်ကို ပြန်ထိန်းချုပ်နိုင်မယ့် နည်းလမ်းတချို့ကို ပြောပြပေးလိုက်ပါတယ်။

ရည်းစားအပေါ်မှာလည်း သေချာစဉ်းစားပါ။ ယုံကြည်နိုင်စရာဆိုရင် ယုံပေးလိုက်ပါ။ ချစ်တဲ့စိတ်နဲ့ ဇွတ်ယုံပြီး ပေတေနေတာမျိုးမလုပ်ပါနဲ့။ ကြာလာရင် ကိုယ်ပဲပိုပြီး စိတ်ဆင်းရဲရပါလိမ့်မယ်။ ကိုယ့်ရည်းစားအပေါ်မှာ ယုံကြည်မှုလွန်ကဲလိုက်ရင် သစ္စာဖောက်ခံရတဲ့အခါ၊ ယုံကြည်မှုတွေပျက်စီးသွားတဲ့အခါမှာ ခံစားရမှာက သင်ကိုယ်တိုင်ပါပဲ။ အမြဲသံသယထားစရာလည်းမလိုပါဘူး။ မယုံကြည်စရာကိစ္စတွေရှိလာရင် သေချာအောင်စုံစမ်းပါ။

သူငယ်ချင်းအပေါင်းအသင်းအပေါ်မှာလည်း ယုံကြည်မှုတွေလွန်ကဲပြီး ပေးမသိသင့်တာတွေကအစ ပေးသိပြီး ပြောပြနေရင် တစ်ချိန်ကိုယ့်အပေါ် သစ္စာဖောက်သွားတဲ့အခါမှာ ကိုယ်ပဲခံစားရပါလိမ့်မယ်။ ထိခိုက်နစ်နာရပါလိမ့်မယ်။ ဒါကြောင့် ဘယ်အရာကိုမဆို ယုံကြည်မှုမလွန်ကဲပါနဲ့။ တစ်ခုခုမပြောခင်၊ မလုပ်ခင်မှာ သေချာစဉ်းစားဆင်ခြင်ပါ။

ကိုယ်နဲ့ရင်းနှီးသူတွေအပေါ်မှာတောင် ယုံကြည်မှုမလွန်ကဲသင့်တာ၊ သူစိမ်းတစ်ယောက်အပေါ်ဆိုရင် ပိုဆိုးပါတယ်။ တစ်စိမ်းတစ်ယောက်စကားကို ယုံကြည်ပြီး မဆင်မခြင်မလုပ်ပါနဲ့။ အရာရာကို ကိုယ့်အသိစိတ်နဲ့ပဲ သေချာစဉ်းစားပြီးလုပ်ပါ။ ဘယ်သူ့စကားမှ နားမယောင်ပါနဲ့။ လူတိုင်းအပေါ်မှာ ယုံကြည်မှုလွန်လွန်ကဲကဲမထားပါနဲ့။