အခုချိန်မှာ ဘယ်နိုင်ငံမှာပဲ ကြည့်လိုက်ကြည့်လိုက် ကိုရီးယားဇာတ်လမ်းတွဲတွေက ကမ္ဘာတစ်ဝှမ်းကို လွှမ်းမိုးထားတာကို မြင်တွေ့ရမှာပါနော်။ ကေပေါ့တစ်ခုသာမက ကိုရီးယားရုပ်ရှင်၊ ဇာတ်လမ်းတွဲတွေကလည်း တော်တော်လေး လူကြိုက်များလာပါတယ်။

အထူးသဖြင့် ရိုးရိုးတန်းတန်း အချစ်ဇာတ်လမ်းတွဲတွေထက် အခုချိန်မှာဆိုရင် အိမ်ထောင်ရေး ဖောက်ပြန်တဲ့ဇာတ်လမ်းတွဲတွေ၊ စိတ္တဇလူသတ်ကားတွေ၊ မူခင်းဇာတ်ကားတွေအပြင် ဇာတ်လမ်း စစချင်းတည်းက မင်းသား မင်းသမီးတို့က အကြောင်းအရင်းတစ်ခုခုကြောင့် လက်ထပ်လိုက်ရတာမျိုးလို ဇာတ်အိမ်တွေဆိုရင် ပိုပြီးစိတ်ဝင်စားစရာကောင်းလှပါတယ်။

ဘယ်လိုပဲ ဇာတ်လမ်းစချိန်မှာတော့ တစ်ယောက်နဲ့တစ်ယောက် မတည့်တာမျိုး၊ သဘောမကျတာမျိုးတွေနဲ့ အစပြုကြပေမယ့်လည်း မြင်တာများတော့ ချစ်ကျွမ်းဝင် ဆိုသလိုပဲ တဖြည်းဖြည်း အချစ်ပေါက်ဖွားလာတာတွေကို အခုပြောပြပေးသွားမယ့် ကိုရီးယားဇာတ်လမ်းတွဲတွေမှာ မြင်တွေ့ရမှာဖြစ်ပါတယ်။

ကဲ..ဒါဆိုရင်တော့ ဘယ်လိုဇာတ်လမ်းတွဲတွေဖြစ်မလဲဆိုတာကို အခုပဲ ဆက်ကြည့်လိုက်ရအောင်နော်။

“Perfect Marriage Revenge”

ဒီဇာတ်လမ်းတွဲလေးကတော့ ၂၀၂၃ ခုနှစ်တုန်းကမှ ထွက်ရှိခဲ့တာမို့ သိပ်ပြီးတော့ မကြာသေးပါဘူး။ နာမည်ကြီး Manhwa စီးရီးကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီးတော့ မင်းသား Sung Hoon, မင်းသမီး Jung Yoo Min တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

အသစ်တစ်ဖန်ပြန်လည် ရှင်သန်ခွင့်ရရှိပြီးနောက် အရင်ဘဝကနဲ့ လုံးလုံးကွဲပြားတဲ့ ပျော်ရွှင်မှုကို ရရှိနိုင်မလားဆိုတာကို ဇာတ်လမ်းအစကနေအဆုံးအထိ တချက်မပျင်းရဘဲ ကြည့်ရှုရမှာပါ။

“1% of Something”

ပထမဇာတ်လမ်းတွဲကတော့ ၂၀၀၃ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ ဇာတ်ကားမို့လို့ နည်းနည်းတော့ ကြာပြီဆိုပေမယ့်လည်း စာချုပ်အိမ်ထောင်ရေးကနေ ချစ်ကျွမ်းဝင်သွားတဲ့ ဇာတ်လမ်းတွဲတွေရဲ့ Trend အစထဲက တစ်ကားအပါအဝင်ဖြစ်ပါတယ်။

တခေတ်တခါက တော်တော်လေး နာမည်ရခဲ့တဲ့ ဇာတ်လမ်းတွဲဖြစ်ပြီးတော့ မင်းသမီး Kim Jung Hwa နဲ့ မင်းသား Kang Dong Won တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဒီနာမည်ကြီးဇာတ်ကားကို ၂၀၁၆ ခုနှစ်မှာတော့ မင်းသား Ha Seok Jin မင်းသမီး Jeon So Min တို့နဲ့အတူ အသစ်တဖန် Remake ပြန်လည်ရိုက်ကူးခဲ့ပြီးတော့ မတူညီတဲ့ ဇာတ်အိမ်နဲ့ ခံစားချက်ကို ပေးစွမ်းနိုင်မှာပါ။

“Love in Contract”

ဒီဇာတ်ကားလေးကလည်း ၂၀၂၃ ခုနှစ်မှာ ဟော့ဖြစ်ခဲ့တဲ့ ဇာတ်လမ်းတွဲတွေထဲမှာ တစ်ခုအပါအဝင်ပါပဲ။ မင်းသမီးချော Park Min Young အပြင် မင်းသား Go Kyung Pyo နဲ့ Kim Jae Young တို့က ပါဝင်သရုပ်ဆောင်ထားကြပြီးတော့ Confident အပြည့်ရှိတဲ့ မင်းသမီး Park Min Young ရဲ့ နောက်ထပ် ဖက်ရှင်အလန်းစားတွေကို ပျိုမေတို့လေ့လာနိုင်အုံးမှာပါ။

“The Story of Park’s Marriage Contract”

အရမ်းကိုဟော့ဖြစ်သွားခဲ့တဲ့ “The Story of Park’s Marriage Contract” ဇာတ်လမ်းတွဲလေးကိုလည်း ဒီစာရင်းထဲမှာ ချန်ထားခဲ့လို့ မရပါဘူးနော်။ မင်းသမီး Lee Se Young တစ်ယောက် ဂျိုဆွန်းခေတ်ကနေ ၂၁ ရာစုခေတ်က မင်းသား Bae In Hyuk ဆီ ရောက်ရှိလာပြီး ဘယ်လိုမျိုး ဟာသအချစ်ဇာတ်လမ်းလေးတစ်ပုဒ် ရေးဆွဲမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးကြည့်ရင်း ခံစားလိုက်ကြပါ။

“Sweet 18”

ဒီဇာတ်ကားကတော့ ၁၈ နှစ်အရွယ် အထက်တန်းကျောင်းသူ မင်းသမီး Han Ji Hye နဲ့ အသက် ၁၀ နှစ်ကျော်ကွာခြားပြီး သူ့ရဲ့ Career တိုးတက်မှုအပေါ်မှာသာ အာရုံစိုက်ချင်တဲ့ မင်းသား Lee Dong Gun တို့နှစ်ယောက်ဟာ လူကြီးတွေရဲ့ သဘောကြောင့် အိမ်ထောင်ပြုဖို့ ကံပါလာခဲ့ပါတယ်။

မလိုလားပေမယ့် မိဘသဘော မလွန်ဆန်နိုင်လို့ နှစ်ဦးသဘောတူ စာချုပ်ချုပ်ဆိုပြီး အိမ်ထောင်ပြုခဲ့ပြီးနောက် ဘယ်လိုမျိုး အချစ်မီးပွားလေးတွေ ပျံ့လွင့်လာမလဲဆိုတာကို ဒီဇာတ်ကားလေးမှာ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

“Remarriage and Desires”

မင်းသမီးချော Kim Hee Sun က ခေါင်းဆောင်မင်းသမီးအနေနဲ့ ပါဝင်ထားပြီးတော့ အိမ်ထောင်ရေးဖောက်ပြန်တဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။ အိမ်ထောင်ရေး ပြိုကွဲအောင်လုပ်ခဲ့တဲ့ အငယ်အနှောင်းကို ဘယ်လိုမျိုး လက်တုံ့ပြန်မလဲဆိုတာကို ကောင်းကောင်းကြီး ကြည့်ရှုနိုင်မှာပါ။

“Sassy Girl, Chun Hyang”

မင်းသမီး Han Chae Young နဲ့ မင်းသား Jae Hee တို့ ပါဝင်သရုပ်ဆောင်ထားကြပြီး ဇာတ်အိမ်အကျဥ်းချုံးကတော့ မတော်တဆ အခန်းတစ်ခုထဲမှာ သူတို့နှစ်ဦး အတူတူအိပ်နေတာကို တွေ့သွားပြီးနောက် ကျောင်းထုတ်ခံရဖို့ အခြေအနေဖြစ်လာပါတယ်။

ဒီလိုအခြေအနေကို ကျော်လွှားဖို့အတွက် နှစ်ဖက်မိဘတွေက သူတို့နှစ်ယောက်ကို ပေးစားလိုက်ပါတယ်။ တကျက်ကျက်နဲ့ ဘယ်လိုမှ မတည့်ကြတဲ့ သူတို့နှစ်ဦးသားမှာ အချစ်ဘယ်လို အစပြုလာမလဲဆိုတာကို ဒီဇာတ်ကားလေးမှာ ပရိတ်သတ်တွေ ကြည့်ရှုလိုက်ပါနော်။

“Because This Is My First Life”

မင်းသား Lee Min Ki နဲ့ မင်းသမီး Jung So Min တို့ ပါဝင်သရုပ်ဆောင်ထားကြတဲ့ Because This Is My First Life ဇာတ်လမ်းတွဲကလည်း တော်တော်လေးကို လူကြိုက်များခဲ့တဲ့ ဇာတ်လမ်းတွဲတစ်ခု ဖြစ်ခဲ့ပါတယ်။

“Fated to Love You”

ရွေးနီမလေးလို့ မြန်မာပရိတ်သတ်တွေ ချစ်စနိုးခေါ်ကြတဲ့ မင်းသမီး Jang Nara နဲ့ မင်းသား Jang Hyuk တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပြီး မတော်တဆ One-night Stand ကနေပြီး တစ်သက်တာအချစ်အဖြစ် ဘယ်လိုမျိုး ပြောင်းလဲသွားမလဲဆိုတာကို ဟာသရောပြီး ကြည့်ရှုရမှာပါ။