မင်္ဂလာပါ ပျိုမေတို့ရေ။ မိတ်ကပ်လိမ်းတဲ့အခါ မေးရိုးလေးသွယ်ပြီး ကိုယ်လိုချင်တဲ့မျက်နှာကျမျိုးရဖို့ Contour ခြယ်တဲ့အဆင့်က အရေးကြီးပါတယ်နော်။ မျက်နှာဝိုင်းပြီး ကြီးသလိုမြင်ရတဲ့သူတွေဆိုရင် Contour သေချာလေးလုပ်လိုက်တာနဲ့ မျက်နှာကျပုံစံကို လုံးဝသွယ်သွားအောင် ပြောင်းလဲပေးမှာပါ။ ဒီလိုမျိုး မျက်နှာဝိုင်းတဲ့ပျိုမေတို့အတွက် အာရှနိုင်ငံတွေက မိတ်ကပ်ပညာရှင်တွေသုံးတတ်ကြတဲ့ Contour ခြယ်နည်းလေးကို ဖော်ပြပေးချင်ပါတယ်။ ဖြတ်လမ်းနည်းလေးဖြစ်တာမို့ ပြင်ရလွယ်တဲ့အပြင် မိတ်ကပ်အမြန်လိမ်းရတဲ့အချိန်တွေအတွက် အဆင်ပြေမှာပါနော်။

ပထမဆုံး ဒီနည်းအတွက် Cream Contour အဝိုင်းလေးကို သုံးပါမယ်နော်။ ပုံထဲကလို ပါးစောင်ထောင့်အပေါ်နားလောက်ကနေ အောက်ကို ခပ်ဝိုက်ဝိုက်လေး ဆွဲလာပြီး နှာတံဘေးအစပ်နားရောက်တဲ့အထိ ကော့ဆွဲပေးရပါမယ်။


ဆွဲထားတဲ့လမ်းကြောင်းပေါ်ကနေပဲ ဒီတစ်ကြိမ်ကိုတော့ အပေါ်မကော့ဘဲ အောက်ကို ချပေးရမှာပါ။


ဒါပြီးရင်တော့ Blend လုပ်ပေးတဲ့အဆင့်ပါ။ Brush အကြီးနဲ့ လိုင်းနှစ်ကြောင်းဆွဲထားတဲ့အထဲက အပေါ်လိုင်းကို ပါးစောင်ကနေ နားထင်နားထိ ပင့်ကာ Blend ဖြစ်အောင် ညှိပေးရပါမယ်။

မျက်နှာကိုသွယ်သွားအောင် ပင့်ပေးရမှာဖြစ်လို့ Brush ကိုလည်း အပေါ်ကိုပင့်ပြီး ဆွဲပေးရမှာဖြစ်ပါတယ်။ ပြီးရင်တော့ အောက်ကိုဆွဲထားတဲ့ Contour လိုင်းကို အလားတူညှိပေးပါမယ်။


ဆွဲပြီးလွတ်နေတဲ့ ပါးထောင့်နေရာမှာ Contour ကလမ်းကြောင်းအတိုင်း ပေါင်ဒါဖြူဖြူ ဖြည့်လိမ်းပေးပါမယ်။ လိမ်းပြီး သူ့ကိုလည်း Brush နဲ့ ညှိပေးမှာဖြစ်ပါတယ်။

ဒီလိုဆိုရင်တော့ မျက်နှာအရောင်က Contour လုပ်ထားတဲ့အပိုင်းမှာ မျက်နှာကျပိုပေါ်သွားပြီး မျက်နှာဝိုင်းတာ မသိသာတော့သလို မြင်ရမှာပါ။

Photo Source: Tiktok

By MyStyle Myanmar