အားနေရင် လက်သည်းကိုက်နေတတ်တဲ့အကျင့်ရှိတာကို စိတ်ပညာအရ Onychophagia လို့ ခေါ်ပါတယ်။ တကယ်တော့ လက်သည်းကိုက်တတ်တဲ့ အကျင့်ဟာ အတော်ကြီး ဆိုးတဲ့ အကျင့်တစ်ခုဖြစ်ပြီး လူမှုရေးအရရော ကျန်းမာရေးအရပါ ပြဿနာတွေ ရှိပါတယ်။

ဘာကြောင့် လက်သည်းကိုက်တဲ့ အကျင့်ဆိုးကို ဖျောက်သင့်သလဲဆိုတာကို ကျန်းမာရေးအမြင်အရ ပြောချင်ပါတယ်။

(၁) ကူးစက်ရောဂါရနိုင်တယ်

လက်ဆိုတာ ကိုယ်သတိမထားမိဘဲ ညစ်ပတ်နေတာတွေ ကိုင်မိတတ်ပါတယ်။ ရောဂါပိုးမွှားနဲ့ ဘက်တီးရီးယားတွေ အပြည့်သယ်လာနိုင်တဲ့ လက်သည်းကိုမှ ပါးစပ်ထဲ သွားထည့်ရင်တော့ ရောဂါတွေ ဝင်ပါတော့ဆိုပြီး ဆိုင်းပုတ်နဲ့ ကြိုသလိုကို ဖြစ်နိုင်ပါတယ်။ အဖျားအနာနဲ့ ကင်းကင်းနေချင်ရင် လက်ကို ပါးစပ်ထဲ မထည့်ပါနဲ့။ မကြာခဏ ဆပ်ပြာနဲ့ သန့်ရှင်းအောင် ဆေးကြောပေးပါ။

(၂) ရောင်ကိုင်းနိုင်တယ်

တံတွေးဟာ အစာမော်လီကျူးတွေကို ချေပေးနိုင်စွမ်းရှိတယ်ဆိုပေမယ့် လက်သည်းကို သွားကိုက်ချိန်မှာ အရေပြားထိခိုက်ရောင်ရမ်းမှုတွေ ဖြစ်အောင် လှုံ့ဆော်ပေးနိုင်ပါတယ်။ နှုတ်ခမ်းကို ခဏခဏ လျှာနဲ့ သပ်တတ်သူတွေဆိုရင်လည်း တံတွေးကြောင့် အရေပြားပိုခြောက်တတ်ပါတယ်။

(၃) လက်စွယ်ငုပ်နိုင်တယ်

လက်သည်းတွေမှာ နောက်အသစ်ထွက်လာမယ့် Matrix ဆိုတဲ့ လက်သည်းလွှာရှိပါတယ်။ လက်သည်းတွေကို သွားနဲ့ကိုက်တာဟာ Matrix ကို ထိခိုက်တာကြောင့် ထွက်မလာသေးတဲ့ လက်သည်းတွေ ပျက်စီးတာ ပုံပျက်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီနည်းနဲ့ လက်စွယ်ငုပ်တာမျိုး ဖြစ်တတ်ပါတယ်။

(၄) မျက်နှာနဲ့ လက်တွေမှာ အဖုအပိမ့်တွေ ထွက်နိုင်တယ်

ညစ်ပတ်တဲ့ လက်တွေနဲ့ မျက်နှာ နဲ့ ပါးစပ်တွေ ထိရင် ကြွက်နို့လို အဖုအပိမ့်လေးတွေ ထွက်လာတတ်ပါတယ်။ လက်တွေမှာဆိုရင်လည်း အပိမ့်တွေ အနာစက်တွေ ဖြစ်လာတတ်ပါတယ်။ တချို့ ပါးစပ်မှာ မက်ခရုပေါက်နေတဲ့လူတွေဆိုရင် လက်ပါ ကူးစက်သွားပြီး အရည်နဲ့ ပြည်တည်နာတွေ ဖြစ်တတ်ပါတယ်။

(၅) သွားတွေ ပျက်စီးနိုင်တယ်

သွားအမြစ်ကို ထိန်းထားတဲ့ အိတ်တွေလည်း လက်သည်းကိုက်တဲ့အကျင့်ကြောင့် ပုံပျက်ပြီး ပျက်စီးနိုင်ပါတယ်။ လက်သည်းကိုက်ခြင်းဟာ သွားပိုးစားခြင်းကို ပိုဆိုးစေပြီး ခံတွင်းနဲ့ ဆိုင်တဲ့ ရောဂါတွေပါ ဖြစ်စေနိုင်လို့ ရှောင်ကြဉ်သင့်ပါတယ်။