ဘယ်ရာသီဖွား ၊ ဘယ်နေ့သားမို့ မချစ်ရဘူးဆိုတဲ့ အစွဲအလမ်းတွေသာ မရှိကြရင် အချစ်ရေးအတွက် ဗေဒင်ဟောစာတမ်းတွေလည်း အလုပ် ဖြစ်တော့မှာ မဟုတ်ပါဘူး။

ဒါပေမယ့်လည်း ဗေဒင်နက္ခတ်ယုံတတ်သူတို့အဖို့ အကြောင်းမတိုက်ဆိုင်လို့ ကွဲကြကွာကြတာတောင် မိတ်ဖက်ရာသီခွင် မကျလို့ ဆိုပြီး ယုံတတ်ကြတယ်မလား။

တကယ်လို့ ဗေဒင်ယုံတယ်ဆိုရင် အခုပြောမယ့် အချစ်ရေးမှာ မိတ်ဖက်မကျတဲ့ ရာသီခွင်တွေအကြောင်းကိုလည်း ဗဟုသုတအနေနဲ့ ဖတ်ကြည့်ဖို့ မျှဝေလိုက်ပါတယ်။

(၁) မိဿ နဲ့ ကရကဋ်

Aries လို့ ခေါ်တဲ့ မိဿရာသီခွင်တွေဟာ အချစ်ရေးမှာ မျက်နှာများတတ်ကြပြီး တစ်ဖက်သားရဲ့ ခံစားချက်ကို ကစားချင်တတ်ကြတယ်လို့ ဆိုပါတယ်။ Cancer ကရကဋ်ဖွားတွေကတော့ ခံစားတတ်လွယ်ပြီး ယုံကြည်မှုတည်ဆောက်ဖို့ အချိန်ယူတတ်သူမျိုး ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ အနေအထားဟာ ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်ပြီး ချစ်ဖို့ထက် လွမ်းကျန်ခဲ့တဲ့ ဇာတ်လမ်းဖြစ်ဖို့ များပါတယ်။

(၂) မေထုန် နဲ့ ဗြိစ္ဆာ

မေထုန်ဖွားတွေက ပေါ့ပေါ့ပါးပါး နေချင်ပြီး သူတို့တွေးတဲ့ပုံက တခြားသူတွေနဲ့ ဆန့်ကျင်ဘက် ဖြစ်တတ်ပါတယ်။ ဗြိစ္ဆာတွေက သူတို့ချစ်သူနဲ့ ပတ်သက်ရင် အကဲဆတ်တတ်သူတွေပါ။ သံသယအားကြီးတဲ့ ရာသီဖွားတွေဖြစ်လို့ စိတ်လွတ်ကိုယ်လွတ် နေချင်သလို နေတဲ့မေထုန်ဖွားတွေနဲ့ အဆင်ပြေမှာ မဟုတ်ပါဘူး။

(၃) မကာရ နဲ့ ဓနု

မကာရတွေက အလုပ်ကြိုးစားတယ် ၊ ရည်မှန်းချက်ကြီးပြီး ပရော်ဖက်ရှင်နယ် ကျကျ နေချင်ကြတဲ့ အလေးအနက်သမားကြီးတွေပါ။ ဓနုရာသီခွင်တွေက ကံကောင်းတတ်သလို ဖြစ်သလိုလည်း နေတတ်ကြသူတွေပါ။ သူတို့က ကိုယ့်အသွင်အပြင်နဲ့ပတ်သက်ပြီး တခြားသူတွေ ဘယ်လိုမြင်မလဲ ဂရုမစိုက်တတ်သူမျိုးပါ။ ဒီလိုရာသီဖွားနှစ်ခုက တစ်ယောက်တစ်လမ်းစီက လူနှစ်ယောက်လို့ ပြောရမှာပါ။

(၄) ပြိဿ နဲ့ ကုမ်

ပြိဿရာသီဖွားတွေက အချစ်ရေးမှာ သစ္စာရှိတာ များပါတယ်။ ကုမ်ရာသီခွင်တွေက အဆန်းအသစ် ကြိုက်သူမျိုး ဖြစ်လို့ ငြီးငွေ့လွယ်တတ်ကြပါတယ်။ ရာသီဖွားတွေရဲ့ စိတ်နေစိတ်ထားအခြေခံတွေက ဆန့်ကျင်တယ်ဆိုပေမယ့် ဒါမျိုးက ခြုံပြောရတဲ့ ကိစ္စဖြစ်ပြီး ဒီအတိုင်းပဲ ဖြစ်မယ်လို့တော့ ယူဆလို့ မရပါဘူး။

(၅) သိဟ် နဲ့ မိန်

မိန်တွေက ခံစားလွယ်တယ် ။ နူးညံ့ပြီး အချစ်ရေးမှာ စိတ်ကူးယဉ်တတ်ကြပါတယ်။ သိဟ်တွေက ပြတ်သားပြီး သစ္စာရှိပါတယ်။ ပုံမှန်အားဖြင့် အလုပ်ကိစ္စလိုမျိုးမှာ သိဟ်တွေက အားမနာတမ်း ပြောတတ်သူမျိုး ဖြစ်ပြီး မိန်တွေက နောက်ကွယ်က ဘာအကြောင်းရှိလို့လဲဆိုပြီး စဉ်းစားတတ်သူမျိုး ဖြစ်ပါတယ်။

(၆) ကန် နဲ့ တူ

ကန်ရာသီဖွားတွေဟာ ဉာဏ်အပြေးဆုံးရာသီခွင်တွေလို့ ဆိုပါတယ်။ ဟာသဉာဏ်ရွှင်သလို ရိုးဖြောင့်မှုလည်း ရှိကြပါတယ်။ တူရာသီခွင်တွေဟာ အချစ်နဲ့ ဘဝပေါ် အကောင်းမြင်တတ်သူတွေပါ။ ဒါပေမယ့်လည်း ရာသီခွင်ချင်း ပေါင်းဖက်ကြမယ်ဆိုရင် ကန်ရာသီဖွားတွေဟာ တူတွေအတွက် ပြဿနာရှိတတ်ကြတယ်လို့ ဆိုပါတယ်။