ဒီနေ့မှာတော့ MyStyle Myanmarရဲ့ စာဖတ်သူတို့အတွက် ကျန်းမာပျော်ရွှင်တဲ့Lifestyleကို ပိုင်ဆိုင်စေဖို့ အသုံးတည့်စေမယ့် အကြောင်းအရာလေးကို မျှဝေပေးချင်ပါတယ်။ အားလုံးသိထားတဲ့အတိုင်း ဇီဝဖြစ်စဉ်ဆိုတာက စားသုံးလိုက်တဲ့အာဟာရဓာတ်တွေကို ခန္ဓာကိုယ်အတွက် လိုအပ်တဲ့စွမ်းအင်အဖြစ် ပြောင်းလဲပေးတဲ့အရာဖြစ်ပါတယ်။ သွေးအတွင်း ဂလုကို့စ်ပါဝင်မှုကိုလည်း ထိန်းပေးနိုင်ပြီး ကိုယ်အလေးချိန်ကိုပါ ထိန်းပေးနိုင်သလို နှလုံးကျန်းမာရေးကိုပါ ထိန်းပေးနိုင်ပါတယ်။ အဲ့ဒီဇီဝဖြစ်စဉ်က အလုပ်သိပ်မလုပ်တော့ဘူးဆိုရင် သင့်ရဲ့ ကျန်းမာရေးပိုင်းကို များစွာထိခိုက်မှုရှိလာစေပါတယ်။

ဒါ့ကြောင့် ဇီဝဖြစ်စဉ်ကို ထိခိုက်စေတဲ့ မနက်ခင်းပိုင်းမှာ သင်လုပ်မိတတ်တဲ့အမှားလေးတွေကို ရှောင်ကြဉ်နိုင်ဖို့ မျှဝေပေးချင်ပါတယ်။

မနက်အိပ်ယာအစောကြီးထခြင်း

မနက်စောစောထတာ ကောင်းပေမယ့် အရမ်းစောစောထတာဟာ မကောင်းပါဘူး။ အိပ်ချိန်နည်းတာနဲ့အမျှ ဝိတ်တက်လာနိုင်သလို စိတ်ဖိစီးမှုလည်း များလာစေပါတယ်။ အိပ်ချိန်လည်းနည်းစေတာကြောင့် မကောင်းပါဘူး။ ညဖက်စောစော အိပ်ထားတဲ့သူအတွက်တော့ ကိစ္စမရှိပေမယ့် တချို့က ညအိပ်ယာဝင်နောက်ကျပြီး မနက်စောစောထတတ်ကြပါတယ်။ တစ်နေ့ကို ၈ နာရီ အိပ်သင့်ပါတယ်။

ရေအလုံအလောက် မသောက်ခြင်း

 

မနက်စောစော အိပ်ယာထထခြင်း ရေသောက်တဲ့အကျင့်ကို လုပ်ထားပါ။ မနက်စောစော ဗိုက်ထဲမှာ အစာမရှိခင် ရေသောက်ပေးတာဟာ သင့်ရဲ့ ဇီဝဖြစ်စဉ်အတွက် ကောင်းမွန်ပါတယ်။ ဒါ့ကြောင့် မနက်အိပ်ယာနိုးနိုးချင်း ရေအပြည့် ၄ ခွက်လောက် သောက်ပေးပါ။ ၄ ခွက်မသောက်နိုင်ရင်တော့ ၁ ခွက် ၂ ခွက်သောက်ပေးပါ။

ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ မနက်စာစားခြင်း

မနက်စာဟာ အရေးကြီးတဲ့ အစားအစာဖြစ်ပါတယ်။ တစ်နေ့တာလုံးအတွက် လိုအပ်တဲ့ အာဟာရဓာတ်ကို ရရှိစေသလို ဇီဝဖြစ်စဉ်ရဲ့ လုပ်ဆောင်ချက်တွေကလည်း မနက်စာကနေ အဓိကအခြေခံပါတယ်။ မြန်မာလူမျိုးတွေက မနက်စာကို မုန့်ဟင်းခါး၊ အီကြာကွေ့ စသဖြင့် စားတတ်ကြပါတယ်။ အဲဒီအစား ပရိုတင်း၊ ကာဘွန်ဟိုက်ဒရိတ်၊ အမျှင်ဓာတ်၊ ဗီတာမင်၊ သတ္တုဓာတ် ပါအောင် စားပေးပါ။

ပြန်လည်ပြုပြင်ထားတဲ့ အစားအစာ၊ သကြား၊ ကျန်းမာရေးနဲ့မညီညွှတ်တဲ့ အဆီတွေကို ရှောင်ရှားပါ။

မနက်စာကို နောက်ကျမှစားခြင်း

မနက်စာကို နောက်ကျမှ စားတာကလည်း သင့်ရဲ့ ဇီဝဖြစ်စဉ်အတွက် မကောင်းပါဘူး။ မနက်အိပ်ယာထပြီး ၁ နာရီအတွင်း မနက်စာစားသင့်ပါတယ်။ အကြာကြီနေမှ စားတာဟာ ကယ်လိုရီလောင်ကျွမ်းမှုကို လျော့ကျစေပါတယ်နော်။

ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ ကော်ဖီသောက်လေ့ရှိခြင်း

ကော်ဖီကို မနက်ခင်းမှာ အဓိက သောက်တတ်ကြပါတယ်။ အဓိကအားဖြင့် သကြားများများထည့်ပြီး သောက်တတ်ကြပါတယ်။ ကော်ဖီသောက်ရင် ကော်ဖီစေ့ကို သေချာကြိတ်ပြီး သကြားလျှော့ကာ သောက်သင့်ပါတယ်။

အလုပ်စိတ်ဖိစီးမှုများခြင်း

အလုပ်သွားတဲ့အခါ အချိန်ကပ်ပြီးသွားခြင်း၊ ကားလမ်းပိတ်ခြင်းနဲ့ ညဖက်မှာ ကောင်းကောင်းအိပ်မပျော်ခဲ့ခြင်းတွေဟာ သင့်ကို စိတ်ဆိုးဒေါသထွက်လွယ်စေပြီး စိတ်ဖိစီးမှုများစေပါတယ်။ ဒါ့ကြောင့် သင့်ဇီဝဖြစ်စဉ်ကို ထိခိုက်စေပြီး ကိုယ်အလေးချိန်တက်စေနိုင်ပါတယ်။