Skincare တွေလိမ်းနေပြီး Sunscreen မလိမ်းလည်း အလကားပါပဲ။ Sunscreen လိမ်းမယ်ဆိုရင်လည်း သေချာလိမ်းရမယ်၊ သေချာသုံးရပါမယ်။ ဒါကြောင့် မှားနေတာတွေရှိရင် ဆင်ခြင်လို့ရအောင်၊ ပြင်ဆင်လို့ရအောင် Sunscreen သုံးတာနဲ့ပတ်သက်ပြီး တော်တော်များများ လုပ်လေ့ရှိတတ်တဲ့ အမှားတွေကို ပြောပြပေးလိုက်ပါတယ်။

လုံလောက်အောင်မလိမ်းခြင်း

Sunscreen လိမ်းမယ်ဆိုရင် ကပ်စေးမနဲပါနဲ့။ အသားအရေနေလောင်သွားရင် ပြန်ကုရမယ့်ကိစ္စက ပိုဆိုးပါမယ်။ အရေးအကြောင်းတွေလည်း အမြန်ဖြစ်လာမှာပါ။ ဒါကြောင့် Sunscreen ကို လက်နှစ်ချောင်းစာယူပြီး သေချာလိမ်းပါ။ နည်းနည်းလေးလိမ်းပြီး နေလောင်ဒဏ်ကို မကာကွယ်ပေးနိုင်ရင် ပိုက်ဆံကုန်တာပဲ အဖတ်တင်မှာပါ။ ဒါကြောင့် Sunscreen ကို သေချာလုံလောက်အောင်လိမ်းပါ။

မကြာခဏပြန်မလိမ်းခြင်း

တော်တော်များများက Sunscreen ကို တစ်ကြိမ်လိမ်းပြီးရင် မလိမ်းတော့ပါဘူး။ တစ်နေကုန် အပြင်တွေသွားနေလိုက်တာပါပဲ။ Sunscreen လိမ်းနေရက်နဲ့ မျက်နှာက နေလောင်ပြီး မဲလာတယ်ဆိုရင်တော့ တစ်ကြိမ်ပဲလိမ်းနေလို့ပါ။ Sunscreen က ၄ နာရီလောက်ပဲ နေလောင်ဒဏ်ကို ကာကွယ်ပေးနိုင်တာဆိုတော့ ပြန်လိမ်းဖို့လိုပါတယ်။ ဒီတော့ ၄ နာရီခြားတစ်ခါ ပြန်လိမ်းပေးရပါမယ်။ လိမ်းဖို့အဆင်မပြေရင် Sun Spray ဖြန်းတာမျိုးလည်း လုပ်ပေးနိုင်ပါတယ်။

SPF ကိုသေချာမကြည့်ခြင်း

Sunscreen ဝယ်တဲ့အခါမှာ ရေထားတာတွေကို သေချာဖတ်ပါ။ SPF ကို သေချာကြည့်ဝယ်ပါ။ SPF နည်းတာတွေမဝယ်ပဲ SPF 50 ကစဝယ်ပါ။ ကိုယ်လိမ်းတဲ့မိတ်ကပ်မှာ SPF ပါပြီးသားမို့ Sunscreen ထပ်မလိမ်းတော့တာမျိုးလည်း လုံးဝမလုပ်ရပါဘူး။

အသားအရေနဲ့မကိုက်ညီခြင်း

သူများကောင်းတယ်ဆိုတိုင်း လိုက်ဝယ်တာမျိုး မလုပ်ပါနဲ့။ တစ်ယောက်နဲ့တစ်ယောက် အသားအရေချင်း မတူတဲ့အတွက် သူနဲ့အဆင်ပြေမယ့်လည်း ကိုယ်နဲ့ အဆင်ပြေချင်မှပြေမှာပါ။ အဆီပြန်တဲ့သူက အဆီများတဲ့ Sunscreen ကို ဝယ်မိရင် အဆီတွေပြန်ပြီး အဆီဖုပေါက်တာတွေ ဖြစ်လာနိုင်ပါတယ်။ Tone up ပါတဲ့ Sunscreen ကို ကောင်းတယ်ဆိုလို့ ဝယ်လိုက်ပြီး ကိုယ်လိမ်းတော့ မျက်နှာပြာသွားတာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် အရေးကြီးတာက ကိုယ့်အသားအရေနဲ့ ကိုက်ညီတာကို ဝယ်ဖို့ပါပဲ။