ခေါင်းခဏခဏလျှော်တာက ကျန်းမာရေးထိခိုက်သလို ဆံသားအတွက်လည်း ထိခိုက်မှုရှိပါတယ်။ တစ်ပတ်ကို တစ်ကြိမ် နှစ်ကြိမ် လျှော်ပေးရုံနဲ့တင် လုံလောက်ပါတယ်။ အဲ့ထက်ပိုပြီးမလျှော်သင့်ပါဘူး။ တစ်ပတ်ကို နှစ်ကြိမ်ထက်ပိုပြီး ခေါင်းခဏခဏလျှော်တဲ့သူတွေဆီမှာတော့ ဒီလိုဆံပင်ပြဿနာတွေ ဖြစ်တာများပါတယ်။

ဆံပင်ကျွတ်ခြင်း

ခေါင်းခဏခဏလျှော်တဲ့အခါ အရင်ထက်ပိုပြီး ဆံပင်တွေသိသိသာသာကို ကျွတ်လာပါလိမ့်မယ်။ ခေါင်းလျှော်တိုင်းမှာလည်း ဆံပင်ကျွတ်ပြီး ခေါင်းဖြီးလိုက်တိုင်းမှာလည်း ဆံပင်တွေကျွတ်ပါလာမှာပါ။ ဆံပင်တွေအများကြီးကျွတ်လာတဲ့အခါ ထပ်ပြောင်တာ၊ ဦးရေပြားပါးတာ၊ ဆံပင်ကွက်တာတွေအထိ ဖြစ်လာနိုင်ပါတယ်။

လိုအပ်တဲ့အဆီဓာတ်တွေဆုံးရှုံးခြင်း

ခေါင်းခဏခဏလျှော်တဲ့အခါ ဆံသားနဲ့ ဦးရေပြားအတွက်လိုအပ်တဲ့ အဆီဓာတ်တွေ ဆုံးရှုံးပြီး ဆံပင်မွဲခြောက်တာ၊ ဆံပင်ဖွာလာတာ၊ ဦးရေပြားခြောက်သွေ့ပြီး ဖောက်ထတာ၊ ဦးရေပြားအဆီပိုထွက်လာပြီး ခဏလေးနဲ့ ဆံပင်အဆီပြန်တာ၊ ဦးရေပြားအဆီပြန်တာ စတဲ့ပြဿနာတွေလည်း ထပ်ဖြစ်လာတတ်ပါတယ်။

ဆံသားပျက်စီးခြင်း

အပေါ်မှာပြောခဲ့သလို ဆံသားပြဿနာတွေ ဖြစ်လာပြီး ဆံသားပျက်စီးလာမှာပါ။ ဆံပင်ဖွာပြီးပျက်စီးတာ၊ ဆံပင်ကျွတ်တာ၊ ဆံပင်အဖျားတွေနှစ်ခွဖြစ်တာ စတာတွေ အကုန်လုံးဖြစ်လာတော့ ဆံသားကအရင်ထက်ပိုပြီး သိသိသာသာ ပျက်စီးလာပါတယ်။

ဆံသားရှုပ်ထွေးပြီးငြိလွယ်ခြင်း

ခေါင်းခဏခဏလျှော်တော့ ဆံသားကမွဲခြောက်လာတဲ့အတွက် ဆံပင်ဖြီးတဲ့အခါမှာ အရမ်းရှုပ်ထွေးပြီး ရှင်းရခက်တာ၊ ငြိတာတွေ ဖြစ်လာစေပါတယ်။ အဲ့အချိန်မှာ စိတ်ရှည်ရှည်နဲ့သာ မရှင်းနိုင်လို့ကတော့ ဆံပင်တွေအပြုံလိုက် ကျွတ်ထွက်ကုန်မှာပါ။

ခေါင်းကိုက်ခြင်း

ခေါင်းခဏခဏလျှော်တာက ကြာလာရင် ဆံသားတင်ပျက်စီးတာမဟုတ်ပဲ ကျန်းမာရေးကိုလည်း ထိခိုက်လာစေပါတယ်။ အထူးသဖြင့် ဦးခေါင်းနဲ့သက်ဆိုင်တဲ့ ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ အရင်ဆုံးသိသိသာသာ ခံစားရမှာကတော့ ခေါင်းကိုက်ခြင်းပါပဲ။ ခဏခဏခေါင်းထိုးကိုက်တာမျိုးတွေ ကြုံရနိုင်ပါတယ်။