မိန်းကလေးတိုင်းအတွက် ဆံကေသာအလှက အရေးကြီးတာမို့ ကိုယ့်ဆံသားကို သေချာဂရုစိုက်သင့်ပါတယ်။ တစ်ခါတစ်လေကျရင် ကိုယ်မသိလို့လုပ်နေမိတဲ့အမှားတွေက ကိုယ့်ဆံသားကို ထိခိုက်ပျက်စီးစေပါတယ်။ ဒါကြောင့် ဆံသားပျက်စီးအောင် သင်ကိုယ်တိုင်ပြုလုပ်မိနေတဲ့ အမှားတွေကို ပြောပြပေးလိုက်ပါတယ်။ ဆံသားပျက်စီးနေတာ ဘာကြောင့်မှန်းမသိရင် ဒီအမှားတွေလုပ်မိနေလို့လားဆိုတာကို ပြန်စစ်ကြည့်လို့လည်းရသလို မလုပ်မိအောင်လည်း ဆင်ခြင်လို့ရတာပေါ့။

ရေနွေးနဲ့ခေါင်းလျှော်ခြင်း

ရေနွေးနဲ့ခေါင်းလျှော်တာမျိုးက ဆံသားပျက်စီးပါတယ်။ ဆံပင်သန်တာနှေးပြီး ဆံသားအဆီဓာတ်လည်း ဆုံးရှုံးစေပါတယ်။ ဒါ့အပြင် ဆံပင်လည်း ကျွတ်စေပါတယ်။

Dryer သုံးခြင်း

ခေါင်းလျှော်ပြီးရင် မျက်နှာသုတ်ပုဝါနဲ့ ရေစင်အောင် သေချာသုတ်ပါ။ Dryer ကိုပဲ အားမကိုးပါနဲ့။ Dryer သုံးတာက ဆံသားအဆီဓာတ်ကဆုံးရှုံးစေပြီး ဆံသားခြောက်သွေ့စေပါတယ်။ Dryer သုံးမယ်ဆိုလည်း Medium Heat လောက်ပဲထားပြီး ခပ်ဝေးဝေးကနေ မှုတ်ပါ။

သဘာဝနည်းလမ်းသုံးပါ

အင်တာနက်ခေတ်ကြီးထဲမှာ အိမ်တွင်းဖြစ်သဘာဝနည်းလမ်းတွေလည်း အများကြီးရှာလို့ရပါတယ်။ Chemical ပါတာတွေ အမြဲသုံးမယ့်အစား သဘာဝနည်းလမ်းလေးတွေနဲ့ ကိုယ်တိုင်လုပ်ပြီး ဆံပင်ပေါင်းတင်တာမျိုးကို တစ်ပတ် တစ်ခါလောက်လုပ်ပေးနိုင်ရင် အကောင်းဆုံးပါ။

ဆံပင်အဖျားတွေညှပ်ပေးပါ

ဆံပင်အဖျားတွေက နှစ်ခွဖြစ်တာမျိုး၊ ဖွာနေတာမျိုးတွေ မိန်းကလေးတိုင်းလိုလို ဖြစ်ကြပါတယ်။ အဲ့ဒါတွေက ဆံပင်ရှည်ဖို့လည်း နှေးစေပါတယ်။ ဒါကြောင့် ဆံပင်အောက်အဖျားတွေကို တစ်လ တစ်ခါ ပုံမှန် လက်နှစ်ဆစ်လောက် ညှပ်ပေးရင် ပိုကောင်းပါတယ်။

ဆံပင်ကိုအမျိုးမျိုးလုပ်တာ

မိန်းကလေးတွေက ဆံပင်ကို ကောက်လိုက်၊ ဖြောင့်လိုက်၊ ဆေးဆိုးလိုက်နဲ့ အမျိုးမျိုး လုပ်ကြတယ်။ ခဏခဏလုပ်ရင် ဆံသားပျက်ဆီးလာတာက အရမ်းသိသာပါတယ်။ ပျက်စီးသွားရင် နဂိုကောင်းနေတဲ့ ဆံပင်အတိုင်းပြန်ရဖို့က နှစ်တွေကြာအောင်စောင့်ရမှာပါ။ ဒါကြောင့် ကိုယ်က ဆံပင်ကိုအမျိုးမျိုးလုပ်ရတာ ကြိုက်တယ်ဆိုရင်တောင် အနည်းဆုံး ခြောက်လ တစ်ကြိမ်ပဲလုပ်ပါ။ လုပ်ပြီးရင်လည်း ဆံပင်ကိုဒီတိုင်းပစ်မထားပါနဲ့။ Treatment အမြဲလုပ်ပေးပါ။ ဒါမှ ဆံပင်အရမ်းမပျက်စီးမှာပါ။

Photo Source: www.brightside.me