မိန်းကလေးဆိုတာမျိုးက လှလှပပ သပ်သပ်ရပ်ရပ်လေးဝတ်စားပြင်ဆင်ထားတယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိနေတတ်တဲ့သူတွေပါ။ ကိုယ့်ကိုယ်ကို ကြည့်ကောင်းပြီလို့ ထင်နေသရွေ့အဲ့တစ်နေ့လုံး စိတ်ကအလိုလို လန်းနေမှာအမှန်ပါပဲ။ ဒါပေမဲ့ လောကကြီးက ကိုယ့်ကိုမျက်နှာသာ မပေးဘူးလေ။

ကျောင်းသူဆိုလည်း ကျောင်းက Stress, ဝန်ထမ်းဆိုရင်လည်း ရုံးက Stress, အဲ့ကြားထဲမှာ အခံရဆုံးကတော့ ကိုယ့်အသားအရေပါပဲ။ စိတ်ဖိစီးမှုများလာလေလေ မျက်နှာပေါ်မှာ အဖုတွေထွက်လေ၊ ပြီးတော့ မျက်နှာအသားအရေကို ထိန်းသိမ်းဖို့အချိန်ကလည်း မပေးနိုင်တော့ ပိုဆိုးတော့တာပေါ့။ အဲ့လိုမထိန်းသိမ်းနိုင်တဲ့ကြားထဲက ကိုယ်ကိုယ်တိုင်တောင် မသိလိုက်ဘဲ မျက်နှာအသားအရေကို ပိုဆိုးစေတဲ့ အပြုအမူတွေကို လုပ်မိနေတတ်ပါတယ်။

၁။ မျက်နှာကို ခဏခဏလက်နဲ့ကိုင်တွယ်ခြင်း

တစ်နေကုန် ပစ္စည်းပေါင်းစုံကိုင်ပြီး လက်မှာ ဘက်တီးရီးယားတွေ ရှိနေမယ်ဆိုတာကို မိန်းကလေးတော်တော်များများက မေ့နေတတ်ကြပါတယ်။ ဒီလိုဘက်တီးရီးယားတွေရှိနေတဲ့ လက်နဲ့ မျက်နှာကို ခဏခဏကိုင်တွယ်မယ်ဆိုရင်တော့ မျက်နှာပေါ်မှာ အဖုအပိန့်တွေ ထွက်လာမှာဖြစ်ပါတယ်။

၂။ ဝက်ခြံတွေကို လက်နဲ့ညှစ်ခြင်း

ဒါကတော့ မိန်းကလေးတော်တော်များများရဲ့ အကျင့်လိုဖြစ်နေပါပြီ။ မျက်နှာပေါ်ကဝက်ခြံကို လက်နဲ့ညှစ်တယ်ဆိုတာ အရမ်းကိုအန္တရယ်များပါတယ်။ အခန့်မသင့်ရင် မျက်နှာတစ်ခုလုံး လက်သည်းဆိပ်တက်ပြီး ရောင်ရမ်းတာမျိုးအထိ ဖြစ်နိုင်ပါတယ်။

၃။ ပုံမှန်သန့်ရှင်းရေးမလုပ်ထားတဲ့ မိတ်ကပ်ဘရပ်ချ်တွေ အသုံးပြုခြင်း

အခုခေတ်မိန်းကလေးတော်တော်များများက မိတ်ကပ်ဘရပ်ချ်တွေ အသုံးပြုလာကြပါပြီ။ ဒါပေမဲ့ ဒီဘရပ်ချ်တွေကို ပုံမှန်သန့်စင်ဆေးကြောပေးရမယ်ဆိုတာကို မေ့နေတတ်ကြပါတယ်။ ဒီဘရပ်ချ်တွေကနေလည်း မျက်နှာအသားအရေကို ထိခိုက်စေနိုင်တဲ့ ဘက်တီးရီးယားတွေ ပေါက်ဖွားလာနိုင်တဲ့အတွက် မိတ်ကပ်ဘရပ်ချ်တွေကို ပုံမှန်သန့်စင်ပေးဖို့ မမေ့ပါနဲ့။

၄။ အိပ်ရေးမဝခြင်း၊ ပုံမှန်မအိပ်ခြင်း။

အိပ်ရေးဝဝအိပ်တဲ့သူဟာ အိပ်ရေးမဝတဲ့သူထက် စိတ်ဖိစီးမှုပမာဏ ပိုမိုလျော့နည်းနိုင်ပါတယ်။ အိပ်ရေးမဝတဲ့အခါမှာ စိတ်ဖိစီးမှုပိုမိုများလာနိုင်ပြီး မျက်နှာအသားအရေ ပိုမိုလျော့ကျလာနိုင်ပါတယ်။

၅။ Skin Care ခဏခဏပြောင်းသုံးခြင်း

မိန်းကလေးတွေ တစ်ယောက်နဲ့တစ်ယောက် စကားပြောကြတဲ့အခါမှာ “ဟဲ့ ဒီတံဆိပ်ကောင်းတယ် ဒါပြောင်းသုံးကြည့်ပါလား ငါနဲ့အရမ်းအဆင်ပြေတယ်” ဆိုပြီးပြောတိုင်း အဲ့တံဆိပ်ကို ပြောင်းသုံးချင်ကြပါတယ်။ တံဆိပ် (Brand) တစ်ခုဟာ တစ်ယောက်နဲ့အဆင်ပြေပေမယ့် နောက်တစ်ယောက်နဲ့ အဆင်မပြေတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သူများပြောတိုင်း တံဆိပ်ပြောင်းသုံးကြည့်တာမျိုး မလုပ်ပါနဲ့။ ကိုယ်သုံးနေကျတံဆိပ်က ကိုယ်နဲ့အဆင်ပြေတယ်ဆိုရင် ဆက်သုံးပါ။ ပြောင်းသုံးကြည့်မှ ကိုယ်နဲ့အဆင်မပြေတာမျိုးဖြစ်နေရင် မျက်နှာအသားအရေ ပျက်စီးသွားတာပဲ အဖတ်တင်ပါလိမ့်မယ်။

၆။ နေရောင်ခြည်နဲ့တိုက်ရိုက်ထိတွေ့ုခြင်း

အပူပိုင်းဒေသမှာ နေထိုင်ရတဲ့ မိန်းကလေးတွေအတွက် နေရောင်ခြည်နဲ့ ထိတွေ့ရတယ်ဆိုတာ မဆန်းပါဘူး။ ဒါပေမဲ့ အမြဲတမ်း နေရောင်ခြည်နဲ့ ထိတွေ့နေမယ်ဆိုရင်တော့ အသားအရေကို အရမ်းထိခိုက်နိုင်ပါတယ်။ နေလောင်ကွက်ထတာမျိုး၊ ခရမ်းလွန်ရောင်ခြည်ကြောင့် အရေပြားကင်ဆာအထိပါ ဖြစ်နိုင်တာကြောင့် တတ်နိုင်သမျှ အပြင်ထွက်မယ်ဆိုရင် မျက်နှာကို Sun Screen လိမ်းတာမျိုး၊ ဦးထုပ်ဆောင်းတာမျိုး၊ လက်ရှည်အင်္ကျ ီဝတ်တာမျိုး လုပ်ပေးသင့်ပါတယ်။

ဒီအချက်လေးတွေလိုက်နာပေးမယ်ဆိုရင်တော့ ပျိုမေတို့အားလုံး ကျန်းမာလှပတဲ့ အသားအရေလေးတွေကို ပိုင်ဆိုင်နိုင်ကြမှာပါနော်။