မင်္ဂလာပါ ပျိုမေတို့ရေ။ ဝက်ခြံပြဿနာက ဆယ်ကျော်သက်အရွယ်တွေအပြင် အသက်အရွယ်မရွေး ဖြစ်တတ်တဲ့ အသားအရေပြဿနာတစ်မျိုးလို့ ပြောလို့ရပါတယ်။ သင်ကိုယ်တိုင်လည်း ချွေးပေါက်ပိတ်ပြီး ဝက်ခြံခဏခဏထွက်တတ်လို့ စိတ်ညစ်နေတဲ့သူဆိုရင်တော့ ဝက်ခြံဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေနဲ့ အမြန်ဆုံးသက်သာအောင် ပြန်လည်ထိန်းသိမ်းရမယ့်နည်းတွေကိုသိထားရင် အကောင်းဆုံးပါပဲ။ ဒါတွေကိုသိဖို့ ဒီတစ်ခေါက်ဆောင်းပါးမှာ ဖော်ပြပေးသွားမှာပါ။ ဒီတော့ စိတ်ဝင်စားရင် ဆက်ကြည့်လိုက်ရအောင်။

၁။ နေလောင်ဒဏ်ကြောင့်

နေလောင်ဒဏ်က အသားအရေကို အရေးအကြောင်းပေါ်စေတဲ့အပြင် ဝက်ခြံထွက်ဖို့အတွက်လည်း အားပေးပါတယ်။ နေရောင်နဲ့တိုက်ရိုက်ထိတာများတဲ့အခါ အရေပြားတွင်း Sebum ထုတ်လုပ်မှု မြင့်စေတာကြောင့် ဝက်ခြံထွက်လာတတ်ပါတယ်။ အသားအရောင်မွဲညစ်ပြီး ဝက်ခြံအမာရွတ်တွေလည်းကျန်ခဲ့တတ်တာမို့ ဒါတွေမဖြစ်ရအောင် Sunscreen ပုံမှန်လိမ်းပေးဖို့ လိုပါတယ်။ စေးကပ်မှုမရှိဘဲ Light Weight ဖြစ်တဲ့ Sunscreen လေးတွေသုံးပေးပါ။

၂။ ညစ်ညမ်းတဲ့ လေထုကြောင့်

လေထုထဲက မမြင်ရတဲ့ဖုန်နဲ့အညစ်အကြေးတွေ မျက်နှာမှာကပ်နေတဲ့အခါ ချွေးပေါက်ပိတ်ပြီး ဝက်ခြံထွက်လာတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့်မို့ မျက်နှာသန့်စင်တဲ့အဆင့်ကို သေချာလေးလုပ်ပေးဖို့ အရေးကြီးပါတယ်။ ကိုယ့်အသားအရေနဲ့အဆင်ပြေပြီး ဓာတုပစ္စည်းမပါဝင်တဲ့ မျက်နှာသစ်ဆေး အပျော့တွေသုံးပြီး ပုံမှန်သန့်စင်ပေးပါ။

၃။ အသားအရေနဲ့မတည့်တဲ့ Skincare နဲ့ မိတ်ကပ်ထုတ်ကုန်တွေကြောင့်

ကိုယ်နဲ့မတည့်တဲ့ Skincare နဲ့ မိတ်ကပ်ထုတ်ကုန်တွေကလည်း ဝက်ခြံထွက်စေတဲ့ အကြောင်းအရင်းတစ်မျိုးပါပဲ။ အဆီနဲ့ဖုန်တွေ ချွေးပေါက်မှာပိတ်မိရာကတစ်ဆင့် ဝက်ခြံထွက်စေတာမို့ တတ်နိုင်သလောက် Oil-Free ဖြစ်တဲ့ပစ္စည်းတွေရွေးချယ်ပေးပါ။

၄။ မသန့်တဲ့ မိတ်ကပ်ပစ္စည်းတွေကြောင့်

သေချာမသန့်စင်ထားတဲ့ မိတ်ကပ် Brush နဲ့ Sponge တွေမှာရှိတဲ့ ဘက်တီးရီးယားတွေနဲ့ ထိတွေ့ရာကတစ်ဆင့် အရေပြားထဲပိုးဝင်ပြီး ဝက်ခြံထွက်တတ်တာမို့ ကိုယ်သုံးနေကျ မိတ်ကပ်ပစ္စည်းတွေကို သေချာသန့်စင်ပေးဖို့ မမေ့သင့်ပါဘူး။ မကြာခဏမိတ်ကပ်လိမ်းတတ်တဲ့သူတွေအနေနဲ့ တစ်ပတ်တစ်ကြိမ်လောက် ပုံမှန်သန့်စင်ကာ ခြောက်သွေ့ပြီး ဖုန်မရှိတဲ့နေရာမှာထားပေးပါ။

၅။ ဟော်မုန်းအပြောင်းအလဲကြောင့်

မိန်းကလေးတွေမှာ ခန္ဓာကိုယ်တွင်းဟော်မုန်းအပြောင်းအလဲ မကြာခဏဖြစ်တတ်တာမို့ ဒါကတစ်ဆင့် Sebum ထုတ်လုပ်မှုများပြီး ဝက်ခြံဖုတွေ Breakout ဖြစ်လာတာမျိုး ကြုံရတတ်ပါတယ်။ ဟော်မုန်းကြောင့်ဖြစ်တဲ့ ဝက်ခြံတွေကိုတော့ သဘာဝအတိုင်း အရောင်ကျပြီး ပြားကပ်သွားအောင် Tea Tree Oil အနည်းငယ်လိမ်းပေးနိုင်ပါတယ်။

၆။ မှားယွင်းတဲ့ စားသောက်ပုံကြောင့်

အစားအသောက်က အသားအရေကျန်းမာရေးကို တိုက်ရိုက်သက်ရောက်နိုင်တာမို့ စားသောက်ပုံ ရွေးချယ်မှုမှန်ဖို့လည်း အရေးကြီးပါတယ်။ အသင့်စားတွေနဲ့ အချိုလွန်ကဲတဲ့ အစားအသောက်တွေကို ရှောင်ပေးပါ။ ကျန်းမာရေးနဲ့အညီ ဗီတာမင်ဓာတ်ပါတာတွေ စားပေးဖို့လိုပြီး အသားအရေကြည်လင်ဖို့အတွက် ရေများများသောက်ဖို့လည်း မမေ့သင့်ပါဘူး။

Photo Source: Pinterest

By MyStyle Myanmar