မိုးအေးတဲ့ရာသီက ဆွယ်တာအင်္ကျီတွေ ဝတ်ဖို့ အရမ်းသင့်တော်ပါတယ်နော်။ ဆွယ်တာလေးတွေက လက်တို၊ လက်ရှည်ပုံစံမျိုးစုံရှိတဲ့အပြင် ဘယ်တော့မှမရိုးမယ့် ဖက်ရှင်မျိုးလို့လည်း ပြောလို့ရပါတယ်။ သင်ကိုယ်တိုင်လည်း မိုးအေးတဲ့နေ့တွေမှာ ဆွယ်တာလေးတွေဝတ်ဖို့ စဉ်းစားထားတယ်ဆိုရင်တော့ အောက်မှာဖော်ပြထားတဲ့ အတွဲအစပ်လေးတွေကို နမူနာယူပြီး ဝတ်ကြည့်နိုင်ပါတယ်နော်။ လတ်တလော ရေပန်းစားနေတဲ့ OOTD ဖက်ရှင်ပုံစံလေးတွေဖြစ်တာကြောင့် လူငယ်ကောင်မလေးတွေနဲ့လည်း လိုက်ဖက်ပြီး အကြိုက်တွေ့စေမှာပါ။ ဒီတော့ စိတ်ဝင်စားရင် ဆက်ကြည့်လိုက်ရအောင်။

၁။ ဆွယ်တာအောက် ကော်လာရှပ်အင်္ကျီခံပြီး Mini စကပ်လေးနဲ့တွဲဝတ်မယ်

စကပ်တိုဝတ်တတ်တဲ့ကောင်မလေးတွေအနေနဲ့ ဒီလို ဆွယ်တာအပွအောက်မှာ ကော်လာပါတဲ့ ရှပ်အင်္ကျီလေးခံပြီး စကတ်တို ကားကားလေးတွေနဲ့ တွဲဝတ်တာမျိုးလုပ်ကြည့်ပါ။ ဆွယ်တာအပြင်ကို ကော်လံလေးထုတ်ထားတာမျိုး ပြုလုပ်နိုင်ပါတယ်။ အခုခေတ်ရေပန်းစားတဲ့ ဖက်ရှင်လေးဖြစ်သလို လူငယ်ဆန်ပြီး ချစ်စရာလည်းကောင်းပါတယ်။

၂။ ဆွယ်တာခါးတိုကို Baggy ဂျင်းဘောင်းဘီနဲ့တွဲဝတ်မယ်

ဆွယ်တာလက်ရှည်ခါးတိုတွေကို Baggy ဂျင်းတွေနဲ့တွဲဝတ်တာမျိုးကလည်း သင့်ကိုအချိန်တိုင်း အထာကျစေမှာပါ။ ဒီလိုစတိုင်ကို Sneaker ဖိနပ်လေးတွေနဲ့တွဲစီးပေးမယ်ဆိုရင် ထသွားထလာအတွက် ပေါ့ပါးပြီး သက်တောင့်သက်သာလည်းဖြစ်တဲ့ ဖက်ရှင်ပုံစံမျိုးရစေမှာပါ။

၃။ ဆွယ်တာကို Sweatpant ဘောင်းဘီအပွနဲ့ ဝမ်းဆက်ဝတ်မယ်

ဝတ်ရအရမ်းလွတ်လပ်တဲ့ Sweatpant ဘောင်းဘီအပွတွေက မိုးအေးတဲ့ရာသီမှာ Hoodie ၊ ဆွယ်တာစတာတွေနဲ့ တွဲဝတ်ဖို့ကွက်တိပါပဲ။  ဆွယ်တာနဲ့ Sweatpant ဘောင်းဘီအရောင် တွဲဖက်ပြီး ဝမ်းဆက်ပုံစံဝတ်တာက ဖက်ရှင်အတွက်သိပ်ခေါင်းစားစရာမလိုဘဲ ပေါ့ပေါ့ပါးပါးနဲ့ အထာကျစေမှာပါ။

၄။ ဆွယ်တာလက်ရှည်ကို အသားကပ်ဘောင်းဘီနဲ့တွဲဝတ်မယ်

ဒီလိုဆွယ်တာနဲ့ အသားကပ်ဘောင်းဘီရှည်တွေတွဲဝတ်တာကလည်း သင့်ကို လွတ်လပ်ပေါ့ပါးစေသလို အနွေးဓာတ်လည်းရစေပါတယ်။

၅။ ဆွယ်တာ Vests ဝတ်စကုပ် လက်တိုလေးတွေကို လည်ပင်းပိတ်အင်္ကျီ၊ ဘောင်းဘီရှည်တွေနဲ့တွဲဝတ်မယ်

ဆွယ်တာလက်တို Vests တွေကို လည်ပင်းပိတ်အင်္ကျီအကပ်လေးအောက်ကခံပြီး ဂျင်း ဒါမှမဟုတ် ရိုးရိုးဘောင်းဘီအရှည်တွေနဲ့ တွဲဝတ်တာမျိုးကလည်း ရာသီဥတုအေးအေးအတွက် အရမ်းအဆင်ပြေပြီး ရုံးသွားရုံးပြန်ဝတ်ဖို့အတွက် သင့်တော်စေပါတယ်။

Photo Source: Pinterest, preview.ph