လက်သည်းနီဆိုးထားပြီးရင် ကြာရှည်မခံပဲ ပျက်ကုန်တာမျိုး၊ ရေထိတာနဲ့ ပျက်ကုန်တာမျိုးတွေ ဖြစ်ဖူးကြမှာပါ။ တော်တော်များများ အိမ်မှာဆိုးရင်လုပ်လေ့ရှိတဲ့ လက်သည်းနီကို တန်းပြီးဆိုးတာကိုက အမှားတစ်ခုပါပဲ။ ဒီလိုမဖြစ်ရအောင် ကိုယ်ဆိုးထားတဲ့လက်သည်းနီကို လက်သည်းပေါ်မှာကြာရှည်ခံအောင် လုပ်နိုင်မယ့် နည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။

White Vinegar

လက်သည်းနီမဆိုးခင်မှာ အရင်ဆုံး လက်သည်းကို white vinegar နဲ့ သန့်ရှင်းရေးလုပ်ပေးပါ။ လက်သည်းနီဆိုးထားတာမရှိလည်း ထပ်ပြီးသန့်ရှင်းရေးလုပ်ပေးပါ။ ဒီလိုလုပ်ပေးခြင်းက လက်သည်းနီဆိုးရင် အသီးတွေ၊ အဖုတွေထတာမျိုး မဖြစ်စေလို့ လက်သည်းနီလည်း အလွယ်တကူမပျက်ပါဘူး။

လက်သည်းဖျက်ဆေး

White vinegar မရှိရင် လက်သည်းဖျက်ဆေးနဲ့ သန့်ရှင်းရေးလုပ်ပေးပါ။ ဒီလို လက်သည်းဖျက်ဆေးနဲ့ သန့်ရှင်းရေးလုပ်ပေးတာကျတော့ လက်သည်းအဆီတွေကိုစုပ်ယူသွားစေလို့ ဖျက်ပြီး ချက်ချင်း လက်သည်းနီဆိုးမယ်ဆိုရင် လက်သည်းနီဆိုးထားတာက ပိုကြာရှည်ခံစေပါတယ်။

လက်သည်းပုံသွင်းပါ

တော်တော်များများက ဒီအဆင့်ကို ကျော်သွားတတ်ပါတယ်။ ဒီအဆင့်ကလည်း အရေးကြီးပါတယ်။ လက်သည်းကို သေချာပုံမသွင်းထားရင် လက်သည်းအဖတ်ကွာတာ၊ အစထွက်တာ၊ မညီတာတွေဖြစ်ပြီး အဲ့တာတွေကနေ လက်သည်းနီကွာကုန်တာမျိုး ဖြစ်တတ်ပါတယ်။

Base Coat

လက်သည်းနီမဆိုးခင်မှာ base coats ကို တစ်ထပ်၊ နှစ်ထပ် ဆိုးပေးပြီးမှ အပေါ်ကနေ ကိုယ်ဆိုးချင်တဲ့လက်သည်းနီကို ဆိုးပေးတာက လက်သည်းနီကြာရှည်ခံစေပါတယ်။ လက်သည်းနီကို ဒီတိုင်းတန်းဆိုးတာနဲ့ base coats ခံဆိုးတာကို ယှဉ်ကြည့်မယ်ဆိုရင် လက်သည်းနီဘယ်လောက် ကြာရှည်ခံလဲဆိုတာ ပိုသိသာပါတယ်။

Top Coat

ကိုယ်ဆိုးချင်တဲ့ လက်သည်းနီဆိုးပြီးရင် အပေါ်ကနေ top coat ထပ်ဆိုးပေးတာက ပုံမှန်ထက်ပိုပြီး လက်သည်းနီကြာရှည်ခံစေပါတယ်။ ၃ ရက်ခြားတစ်ခါလောက် top coat ထပ်ဆိုးပေးနေရင် ပိုကောင်းပါတယ်။