အသားအရေနဲ့ပတ်သက်လာရင် နေ့စဉ်ကြုံတွေ့ရတဲ့ နေဒဏ်၊ လေဒဏ်နဲ့ ရာသီဥတုဒဏ်တွေကိုတော့ ရှောင်လွှဲလို့မရပေမယ့် ကိုယ်တိုင်ပြုပြင်ထိန်းချုပ်နိုင်တဲ့အရာတစ်ခုတော့ရှိပါတယ်။ အဲ့ဒါကတော့ ပျိုမေတို့ရဲ့ နေ့စဉ်စားသောက်မှုပုံစံပါပဲ။ များသောအားဖြင့် ကယ်လိုရီပါဝင်မှုနဲ့ သွေးပေါင်ချိန်အတက်အကျပေါ်မူတည်ပြီး ကိုက်ညီတဲ့အစားအသောက်တွေကို ရွေးချယ်စားသောက်တတ်ကြပေမယ့် အရေပြားနဲ့ပတ်သက်တာကိုတော့ ထွေထွေထူးထူး ထည့်စဉ်းစားလေ့မရှိကြပါဘူး။ ကိုယ်စားသမျှဟာ ခန္ဓာကိုယ်အတွင်းအပြင်အားလုံးအပေါ် သက်ရောက်မှုရှိတာကြောင့် ကျန်းမာရေးနဲ့မညီညွှတ်တဲ့အစားအသောက်တွေစားမယ်ဆိုရင် သင့်အသားအရေ ကိုထိခိုက်ပျက်စီးစေပါလိမ့်မယ်။

ဒါကြောင့် ကြည်လင်တဲ့အသားအရေလိုချင်တဲ့သူတိုင်း ကိုယ်လုပ်နေကျ အသားအရေထိန်းသိမ်းမှုတွေအပြင် ရှောင်ရမယ့်အစားအသောက်တွေကိုပါသိထားဖို့လိုပါတယ်။ ဒီတစ်ခေါက်မှာတော့ အသားအရေကျန်းမာဖို့ဆင်ခြင်သင့်တဲ့ အစားအသောက်တွေအကြောင်းကို မျှဝေပေးပါရစေ။

၁။ Alcohol

အသားအရေနဲ့အတူအသည်းကျန်းမာရေးကိုပါမထိခိုက်စေဖို့အတွက် Alcohol ပါဝင်တဲ့သောက်စရာတွေကို အတတ်နိုင်ဆုံးရှောင်ဖို့လိုပါတယ်။ အထူးသဖြင့် အေးတဲ့ရာသီတွေမှာ Alcohol သောက်သုံးခြင်းကိုရှောင်ပေးပါ။ Alcohol ကကိုယ်ခန္ဓာအတွင်းအပူချိန်လျော့ကျစေပြီး အရေပြားအစိုဓာတ်ခန်းခြောက်စေတဲ့အတွက် အသားခြောက်တဲ့ပြဿနာကိုကြုံတွေ့ရနိုင်ပါတယ်။ အသားအရေခြောက်လာရင်တော့ အရေပြားယားယံခြင်း၊ နီမြန်းခြင်းနဲ့ အရေးအကြောင်းပေါ်ခြင်းတွေဖြစ်လာပါလိမ့်မယ်။

၂။ အသင့်စား ဆီကြော်မုန့်များ

ဆီများတဲ့အသင့်စား အစားအသောက်တွေက အရသာကောင်းမွန်ပေမယ့် ကိုယ်အလေးချိန်တိုးစေတဲ့အပြင် အသားအရေကိုပါပျက်စီးစေနိုင်ပါတယ်။ အရေပြားအဆီထွက်မှုပိုများစေတဲ့အတွက် အသားအရေ အဆီပြန်ခြင်းတွေလည်းအလွယ်တကူဖြစ်လာနိုင်ပါတယ်။ ဆီကြော်တွေက ကိုယ်ခန္ဓာတွင်း အဆိပ်အတောက် ဖယ်ရှားပေးတဲ့လုပ်ငန်းစဉ်တွေကိုပျက်စီးစေတဲ့အပြင် အစိုဓာတ်ခန်းခြောက်မှုတွေလည်းဖြစ်စေနိုင်ပါတယ်။ ပုံမှန်စားသုံးမယ်ဆိုရင်တော့ အရေပြားအလွှာတွေရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကိုကမောက်ကမ ဖြစ်စေတာကြောင့် ဝက်ခြံထွက်ခြင်းနဲ့ အိုမင်းရင့်ရော်ခြင်းတွေ ခံစားရနိုင်ပါတယ်။

၃။ အချိုများတဲ့ ဒိုးနပ်မုန့်များ

သင်ကကြည်လင်တဲ့အသားအရေကိုလိုချင်တဲ့သူဆိုရင်တော့ အချိုဓာတ်များတဲ့အစားအစာတွေကို ရှောင်ဖို့လိုပါတယ်။ သကြားပါဝင်မှုများတဲ့ ကွတ်ကီးနဲ့ဒိုးနပ်စတဲ့သရေစာမုန့်တွေက အရေပြားရဲ့ ကော်လဂျင်ဓာတ်တွေဆုံးရှုံးစေပြီး အသားအရေကြမ်းတမ်းခြင်းနဲ့ အရွယ်မတိုင်ခင်အိုမင်းရင့်ရော်ခြင်း တွေဖြစ်စေပါတယ်။ ဒါကြောင့် အချိုစားရတာကြိုက်တဲ့သူတွေအနေနဲ့ သကြားနည်းပြီး သဘာဝအတိုင်းအချိုဓာတ်ပါဝင်တဲ့ အစားအစာတွေကိုသာစားသုံးသင့်ပါတယ်။

၄။ နို့နဲ့နို့ထွက်ပစ္စည်းများ

နို့နဲ့နို့ထွက်ပစ္စည်းတွေက တစ်ခါတစ်ရံမှာ ဝက်ခြံထွက်ခြင်းကိုအားပေးပါတယ်။ မလိုင်ထုတ်ထားတဲ့ နွားနို့တွေက မလိုင်ပါတဲ့နွားနို့တွေထက် ဝက်ခြံထွက်နိုင်ခြေများနိုင်ပြီး တစ်ပတ်ကိုသုံးကြိမ်ထက်ပိုပြီး မသောက်သင့်ကြောင်းကိုလည်းလေ့လာတွေ့ရှိချက်တွေအရသိရပါတယ်။ နို့ထွက်ပစ္စည်းနဲ့ဓာတ်မတည့်ခြင်း ကြောင့်လည်း အရေပြားအဖုအပိန့်ထွက်ခြင်း၊ မျက်နှာနဲ့နှုတ်ခမ်းရောင်ရမ်းခြင်းစတဲ့ပြဿနာတွေကြုံတွေ့ ရနိုင်ပါတယ်။

၅။ ချောကလက်

ချောကလက်ခဏခဏစားခြင်းကြောင့်လည်း မျက်နှာအသားအရေပေါ်မှာဝက်ခြံထွက်လွယ်စေနိုင်ပါတယ်။ ဒါကြောင့် ချောကလက်စားချင်စိတ်ဖြစ်လာပြီဆိုရင် အတတ်နိုင်ဆုံးသကြားနည်းပြီး အခါးအရသာရှိတဲ့ Dark Chocolate တွေကိုသာ ပမာဏအသင့်အတင့်စားသုံးသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar