မင်္ဂလာပါ…. ပျိုမဒီတို့ရေ… အိမ်မှာ သန့်ရှင်းရေးလုပ်တဲ့အခါ သန့်ရှင်းရေးကို ပိုမိုမြန်ဆန်စေဖို့အတွက် သန့်ရှင်းရေးသုံးပစ္စည်းလေးတွေ ရောပြီးသုံးလေ့ရှိပါလားရှင့် ? ဥပမာ… ချွတ်ဆေးကို ကြမ်းတိုက်ဆပ်ပြာနဲ့ရောပြီး သုံးတာမျိုးတွေ။ တစ်ခါတလေ အမှုမဲ့အမှတ်မဲ့ ရောသုံးမိတဲ့ ပစ္စည်းတွေက အလွန်အဆိပ်ပြင်းတဲ့ အဆိပ်အတောက်တွေ ဖြစ်သွားတတ်ပါတယ်နော်။ မသိဘဲ အတူရောသုံးမိရင် ဆိုးကျိုးအန္တရာယ်တွေ ဖြစ်တတ်တာမလို့ အတူရောမသုံးသင့်တဲ့ သန့်ရှင်းရေးသုံး ပစ္စည်းတွေကို ဖော်ပြလိုက်ပါတယ်နော်။

အိမ်သာဆေးရည်နဲ့ ချွတ်ဆေး

အိမ်သာအရမ်းညစ်ပတ်နေတဲ့အခါမျိုးမှာ အိမ်သာကြွေခွက်ကို အိမ်သာဆေးရည်နဲ့ ဆေးတာတောင် မပြောင်တဲ့အခါမျိုးတွေ ရှိတတ်ပါတယ်။ ဒီလိုအခါမျိုးမှာ ချွတ်ဆေးကို ရောပြီးသုံးလေ့ရှိပါတယ်။ အိမ်သာဆေးရည်နဲ့ချွတ်ဆေး အတူတူသုံးတာက ကလိုရင်းဓာတ်ငွေ့ကို ဖြစ်စေတာမလို့ ဒီဓာတ်ငွေ့ကိုရှူမိရင် သာမန်လူတွေက ချောင်းဆိုးတာ၊ နှာခေါင်းနဲ့ လည်ချောင်းတွေကို ယားယံစေပြီး အသက်ရှုရခက်တာမျိုးတွေ ဖြစ်တတ်ပြီး ပန်းနာရင်ကျပ်၊ COPD ဒါမှမဟုတ် အခြားအဆုတ်ရောဂါရှိသူတွေ ရှူမိရင်တော့ အသက်ဆုံးရှုံတဲ့အထိ ဖြစ်နိုင်ပါတယ်။

ချွတ်ဆေးနဲ့ အမိုးနီးယား

ပိုးသတ်ဆေး၊ မှန်ကြည်ဆေးတို့မှာပါဝင်တဲ့ အမိုးနီးယားကို ချွတ်ဆေးနဲ့အတူရောသုံးမိရင် ဖြစ်လာမယ့် ကလိုရင်းဓာတ်ငွေ့က တကယ်က်ို အန္တရာယ်များတဲ့ အဆိပ်အတောက် ဖြစ်စေပြီး အသက်ဆုံးရှုံတဲ့အထိ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ပစ္စည်းဝယ်တဲ့အခါ အမိုးနီးယားမပါတဲ့ ဖော်မြူလာနဲ့လုပ်ထားတဲ့ ပစ္စည်းတွေကို ရှာသုံးသင့်ပါတယ်။

ချွတ်ဆေးနဲ့ ရှာလကာရည်

ချွတ်ဆေးနဲ့ ရှာလကာရည်ကိုရောသုံးမိရင် အန္တရာယ်ဖြစ်စေနိုင်တဲ့ ကလိုရင်းဓာတ်ငွေ့ကိုဖြစ်စေပြီး ဒီအငွေ့က မျက်လုံးကို ပူပြီး နီရဲစေပါတယ်။ တကယ်လို့ ကလိုရင်းဓာတ်ငွေ့ကို မတော်တဆလုပ်မိရင် မိသားစုနဲ့ အိမ်မွေးတိရစ္ဆာန်တို့ကို အမြန်ဖယ်ပါ။ လေကောင်းလေသန့်ရဖို့နဲ့ ဖြစ်လာနိုင်တဲ့ လက္ခဏာတွေကို စောင့်ကြည့်ပြီး လိုအပ်ပါက ဆေးကုသမှုခံယူပါ။

Drain Cleaner နဲ့ ချွတ်ဆေး

ပိတ်ဆို့နေတဲ့ မြောင်းတွေ၊ ဘေစင်တွေကို သန့်ရှင်းဖို့အတွက် Drain Cleaner နဲ့ ချွတ်ဆေးကို အတူတူသုံးမိရင် ကလိုရင်းဓာတ်ငွေ့တွေဖြစ်နိုင်ပြီး ပေါက်ကွဲမှုဖြစ်တဲ့အထိ အန္တရာယ်များလွန်းပါတယ်။ ဒါကြောင့် ဒီလိုပစ္စည်းတွေကို သုံးတော့မယ်ဆိုရင် သတိထားပြီးသုံးသင့်ပါတယ်။