ဘဝရဲ့ မပြည့်စုံခြင်း ကွက်လပ်တွေကိုဖြည့်ဖို့ အဖြေတွေ အများကြီး ရှိကြတာပါပဲ။ ဒီလိုအဖြေတွေထဲမှာ နေမြဲအတိုင်း ဘဝနဲ့ ဆက်သွားနေတာကြောင့် ကိုယ့်ကိုယ်ကိုယ် လူမှန်နေရာမှန် မရောက်နိုင်သေးတာဆိုတဲ့ အဖြေလည်း တစ်ခုအပါအဝင် ဖြစ်တတ်ပါတယ်။

ဒီအဖြေကို ချုံ့ပြီး ပြောရရင် မပြောင်းလဲသေးတာကြောင့်လို့ ပြောရမယ် ထင်ပါတယ်။ တစ်ခါတလေမှာ ဘဝကို ရေချိန်ကိုက် ပြောင်းလဲတတ်ဖို့ လိုပါတယ်။ အပြောင်းအလဲလုပ်ဖို့ လိုနေပြီလားဆိုတာ သိရဖို့ အလွယ်ဆုံးအချက် ၃ ချက်နဲ့ ဆန်းစစ်နိုင်ပါတယ်။

(၁) သင်ရောက်နေတဲ့ နေရာက သင်နဲ့ မဆိုင်ဘူးဖြစ်နေရင်

တစ်နေရာရာမှာ ကိုယ်ရှိနေရမယ်ဆိုရင် အဲ့ဒီနေရာက ကိုယ့်နေရာမှန် ဖြစ်ဖို့တော့ လိုပါလိမ့်မယ်။ တကယ်လို့ ကိုယ်ရောက်နေတဲ့ နေရာက ကိုယ်နဲ့ အံမဝင်တဲ့နေရာဖြစ်နေရင် ဒီနေရာကို စွန့်ခွာသင့်ပါတယ်။ သင့်ဘဝကို ထိခိုက်ပျက်သုဉ်း ဆုံးရှုံးနိမ့်ကျစေတဲ့ Relationship တစ်ခုနဲ့ ပတ်သက်နေမိရင် နှုတ်ဆက်လိုက်ပါ။

သင်မုန်းနေတဲ့ အလုပ်မှာ အံကြိတ်ပြီး ဆက်လုပ်နေမိရင် ထွက်သွားလိုက်ပါ။ ဘဝမှာ လူတိုင်းအတွက် သူနဲ့ ဆိုင်တဲ့နေရာတစ်ခုတော့ ရှိတာပါပဲ။ အဲ့ဒီနေရာကို ရောက်သွားသူဟာ တန်ဖိုးတက်သွားတာ ဓမ္မတာပဲ ဖြစ်ပါတယ်။

(၂) ရည်စူးအိပ်မက် မက်ထားခဲ့ရင်

တစ်ချိန်ချိန်မှာ တစ်ခုခု ဖြစ်လာဖို့ မျှော်လင့်ချက်တွေနဲ့ ရင်ခုန်ခဲ့ဖူးရင် အဲ့ဒီရင်ခုန်အိပ်မက်ကို ဖြစ်အောင် အကောင်အထည်ဖော်ဖို့ အချိန်လိုပါတယ်။ အိပ်မက်တွေဟာ စိတ်ကူးယဉ်သက်သက် လွင့်ပြယ်ပျောက်ကွယ်ကုန်ရုံနဲ့ ဆိုရင် နေ့ခင်းအိပ်မက်ထက် မပိုပါဘူး။ သင့်မှာ အိပ်မက်တစ်ခု ရှိထားခဲ့ပြီး အခုအနေအထားက အဲဒီအိပ်မက်လမ်းကြောင်းနဲ့ အဝေးကြီးဆိုရင် လမ်းသစ်ထွင်ပြီးသာ အိပ်မက်နဲ့နီးမယ့် နေရာကို ပြန်သွားလိုက်ပါ။

(၃) သူငယ်ချင်းထက် မိတ်ဆွေယောင်ဆောင်သူတွေနဲ့ပဲ တွေ့နေရရင်

အပေါင်းအသင်းဝင်ဆံ့တာ ကောင်းပါတယ်။ အသိအကျွမ်းနဲ့ လူမှုအဆက်အသွယ်တွေက သင့်အတွက် ကြီးပွားမြင့်တက်ဖို့ အထောက်အပံ့ကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သင့်အနားမှာ သူငယ်ချင်းလို အရောတဝင်နဲ့ ပတ်သက်ပြီး နောက်ကျောကို ဓါးနဲ့ထိုးမယ့်သူမျိုးရှိနေတာထက် စာရင် အပေါင်းအသင်းအစစ် သူငယ်ချင်းကောင်းအနည်းငယ်လောက်နဲ့ပဲ ကျင်လည်ရတာ ပိုပြီး စိတ်ချမ်းသာစရာ ကောင်းပါလိမ့်မယ်။

မကောင်းတဲ့လူတွေနဲ့ ပေါင်းမယ့်အစား လေကောင်းလေသန့်လို လတ်ဆတ်သန့်ရှင်းတဲ့ လူတွေနဲ့ပဲ စိတ်သန့်သန့်နဲ့ ပေါင်းဖို့ ပြောချင်ပါတယ်။