မပျော်ရွှင်မှုဆိုတာ ရောဂါပါ ဖြစ်စေနိုင်တဲ့အထိ အန္တရာယ်ရှိပါတယ်။ မပျော်ရွှင်တာကြောင့်ပဲ စိတ်ပိုင်းဆိုင်ရာ အထီးကျန်တာ ၊ စိတ်ဓါတ်ကျတာ ၊ ဒေါသထွက်လွယ်တာ အပြင် ဖျားလွယ်နာလွယ်ပါ ဖြစ်တတ်ပါတယ်။ သတင်းကောင်းတစ်ခုကတော့ ပျော်ရွှင်ခြင်းဟာ အလေ့အကျင့်လုပ်ပေးလို့ ရတယ်ဆိုတာပါပဲ။

ခပ်ပျော်ပျော် နေတတ်သူတွေရဲ့ အကျင့်တွေကို သိပြီး အဲဒီအကျင့်တွေ ကိုယ့်မှာ မွေးမြူထားမယ်ဆိုရင် ကိုယ်လည်း ပျော်ပျော်နေတတ်သူတစ်ယောက် ဖြစ်လာပါလိမ့်မယ်။ ဒါဆို လူပျော်ကြီးတွေရဲ့ အကျင့်က ဘယ်လိုမျိုးလဲ။

(၁) ရည်မှန်းချက်ထားပြီး နေထိုင်တယ်

Photo by Michael Dam on Unsplash
မျှော်လင့်ချက် ရှိတဲ့ ဘဝဟာ ပျော်စရာကောင်းတဲ့ဘဝပါ။ ဘဝမှာ အပျော်ဆုံးဆိုတဲ့ သူဟာ သူ့ အတွက် တကယ် အရေးပါတယ်လို့ လက်ခံထားတဲ့ အရာနောက်ကို လိုက်နေသူတွေ ၊ နေ့စဉ်ဘဝနဲ့ သက်ဆိုင်တဲ့ ဆုံးဖြတ်ချက်တွေကို ဒီလမ်းကြောင်းအတိုင်း ချမှတ်နေထိုင်သူတွေသာ ဖြစ်ပါတယ်။

(၂) ကျေးဇူးတင်ခြင်း အလေ့ ရှိတယ်

Photo by Manny Moreno on Unsplash

ပျော်တဲ့သူတွေဟာ သူတို့နေရတဲ့ ဘဝကို ကျေနပ်နေသူတွေ ဖြစ်ပါတယ်။ ဒီလို ရှင်သန်နေထိုင်ရခြင်းအပေါ်မှာလည်း ကျေးဇူးတင်တတ်တဲ့ စိတ် ရှိပါတယ်။ ကျေးဇူးတင်တတ်ခြင်းဟာ သူတို့ရဲ့ နေ့စဉ်အလေ့အထ တစ်ခု ဖြစ်ပြီး ဒီအလေ့အထကြောင့် ဦးနှောက်ဟာ စိတ်ဓါတ်ကျခြင်းနဲ့ မကောင်းမြင်တဲ့ စိတ်ခံစားချက်ကို သက်သာလျော့ပါးစေပါတယ်။

(၃) နေ့တိုင်း လေ့ကျင့်ခန်း လုပ်တယ်

Photo by Ben Weber on Unsplash

ကာယလေ့ကျင့်ခန်းတွေဟာ လူရဲ့ ခန္ဓာကိုယ်ကိုပဲ ကြံ့ခိုင် သန်မာစေတာ မဟုတ်ဘဲ စိတ်ဓါတ်ရေးရာမှာလည်း ခံနိုင်ရည်ရှိတဲ့သူ တစ်ယောက် ဖြစ်စေနိုင်တယ်လို့ သုတေသနနဲ့ လေ့လာမှုတွေက ဆိုပါတယ်။ ရုပ်ပိုင်းဆိုင်ရာအရ တက်ကြွ ထက်သန်နေသူတစ်ဦးဟာ ပိုပြီး အကောင်းမြင်တဲ့ စိတ်များလာသလို ၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နိုင်ပြီး အပြုသဘောဆန်တဲ့ လုပ်ဆောင်ချက်တွေ လုပ်ဆောင်နိုင်မှာပါ။

(၄) ကိုယ့်ကိုယ်ကို တိုးတက်အောင် လုပ်နေတယ်

Photo by Courtney Cook on Unsplash

ပိုကောင်းတဲ့သူတစ်ယောက်ဖြစ်လာဖို့အတွက် ကြိုးစားနေတဲ့သူတစ်ယောက်ဟာ သာမန်လူတစ်ယောက်ထက် အများကြီး ပိုပင်ပန်းနိုင်ပါတယ်။ ဒါပေမယ့် နေ့တိုင်း တိုးတက်လာနေတဲ့ ကိုယ့်ကိုယ်ကို ကျေနပ်အားရမှုဟာ သူ့ ဘဝကို ပိုပြီး အဓိပ္ဗါယ်ရှိစေပါတယ်။ အဓိပ္ပာယ်ရှိတဲ့ ဘဝမှာ နေနေသူတစ်ယောက်ဟာ ပျော်စရာကောင်းတဲ့ ဘဝတစ်ခုလည်း ဖြစ်ပါတယ်။

(၅) ခွင့်လွှတ်တတ်တယ်

Photo by Natasha Kasim on Unsplash

ခွင့်လွှတ်တယ်ဆိုတာ သိပ်ကို အရေးကြီးတဲ့ စိတ်ပိုင်းအဆင့်မြင့်မားမှု တစ်ခုပါပဲ။ ကိုယ့်ရဲ့ အမှားတွေရော ၊ သူတစ်ပါးရဲ့ မှားယွင်းမှုတွေကိုပါ ခွင့်လွှတ်နိုင်သူဟာ နောင်တနည်းပါတယ်။ အတိတ်ရဲ့ ဆိုးဝါးတဲ့ အရိပ်တွေထဲမှာပဲ တဝဲလည်လည် ဖြစ်နေတဲ့သူဟာ ဘယ်လိုနည်းနဲ့မှ ပျော်နိုင်မှာ မဟုတ်ပါဘူး။ ဒီတော့ တကယ် ပျော်ချင်တယ်ဆိုရင် ခွင့်လွှတ်တတ်ဖို့ လိုပါတယ်။

(၆) သတိဉာဏ်နဲ့ ပြည့်စုံသူဟာ ပျော်ရွှင်သူပါ

Photo by Taisiia Stupak on Unsplash

အဆင့်မြင့်ဆုံး ပျော်ရွှင်မှုဟာ ဉာဏ်ပါတဲ့ သတိနဲ့ နေထိုင်ခြင်းပေါ် မူတည်ပါတယ်။ ပစ္စုပ္ပန်မှာ မြဲမြံစွာ ကပ်ထားတဲ့ သတိတရားဟာ ဉာဏ်ပညာနဲ့ပေါင်းစပ်ပြီး ရိုးရှင်းစွာ ထိုးထွင်း သိမြင်လာပြီဆိုရင် ပျော်ရွှင်ရုံတင်မဟုတ်ဘဲ ငြိမ်းအေးချမ်းသာတဲ့ တည်တံ့တဲ့ စိတ်လွတ်မြောက်ခြင်းပါ ဖြစ်စေနိုင်ပါတယ်။ အချိန်တိုင်း သတိဉာဏ်ပြည့်စုံသူ ဖြစ်ဖို့အတွက်တော့ တရားထိုင်တဲ့ အလေ့အထ ၊ အချိန်တစ်ခုခုပေးပြီး စိတ်ကို ဆိတ်ငြိမ်စွာ ရှင်းထားတဲ့ အလေ့အကျင့်တို့ကို လုပ်သင့်ပါတယ်။