ရင့်ကျက်တဲ့ လူတစ်ယောက် ဖြစ်လာဖို့ အသက်အရွယ်ပြောင်းလဲမှု ကြုံတွေ့ရမယ့် ဘဝအတွေ့အကြုံတွေများစွာကို ကျော်ဖြတ်ကြရပါတယ်။ လူတစ်ယောက် ရင့်ကျက်လာပုံချင်းတော့ မတူနိုင်ပေမယ့် တဖြေးဖြေးချင်း ရင့်ကျက်လာတဲ့အခါမှာ အခုပြောပြမယ့် အရာလေးတွေ ပြောင်းလဲလာပါလိမ့်မယ်။

(၁) ဝန်ခံတတ်လာတယ်

ကိုယ်မှားတဲ့အခါမှာ မှားကြောင်း ဝန်ခံခြင်းဟာ ရင့်ကျက်ခြင်းရဲ့ လက္ခဏာဖြစ်သလို တစ်ခြားသူတွေရဲ့ အခွင့်အရေးနဲ့ ရပ်တည်မှုပေါ် အသိအမှတ်ပြုခြင်းဟာလည်း ရင့်ကျက်လာတဲ့ စိတ်အခြေအနေကို ပြနေတာပါ။

(၂) အပြောင်းအလဲကို လက်ခံတတ်လာတယ်

အောင်မြင်ရှုံးနိမ့်ခြင်း ပျော်ရွှင်ဝမ်းနည်းခြင်း စတဲ့ ဘဝအနိမ့်အမြင့် ပြဿနာတွေနဲ့ ကြုံချိန်မှာ အရင်တုန်းကလို ကလေးဆန်ဆန် ငိုညည်းတာမျိုး မလုပ်တော့ပါဘူး။ ဒေါင်ကျပြားကျ ရင်ဆိုင်မယ်ဆိုတဲ့ တင်းထားတဲ့ စိတ်မာန်မျိုးနဲ့ အပြောင်းအလဲကို လက်ခံလာပါတယ်။

(၃) ခံစားချက်တွေ ထိန်းချုပ်လာနိုင်တယ်

အရင်ကလို စိတ်ခံစားချက်ကို ရှေ့တန်းတင်ပြီး အလျင်စလို စိတ်လိုက်မာန်ပါ မဆုံးဖြတ်တော့ဘူး။ အကြောင်းရင်းကို ခေါင်းအေးအေးနဲ့ရှာပြီး ပိုပြီး အဓိပ္ပါယ်ရှိရှိနဲ့ ဂရုတစိုက် တုန့်ပြန်လာတတ်ပါတယ်။

(၄) တာဝန်ယူတတ်လာတယ်

ရင့်ကျက်လာတဲ့သူဟာ ကိုယ့်အမှားတွေ ၊ စိတ်ခံစားချက်တွေ ၊ လိုချင်ဆန္ဒတွေနဲ့ တုန့်ပြန်မှုတွေကို တာဝန်ယူတတ်တဲ့ စိတ်မွေးလာပါတယ်။ တစ်ခြားသူပေါ် အပြစ်ဖို့တာထက် ဒါကို ဘယ်လို ပြင်လို့ ရမလဲ ဆိုတဲ့ဘက်က စဉ်းစားလာပါတယ်။